မတ်၊ ၁၄
ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တပွဲတည်း ၅ ဂိုး သွင်းနိုင်ခဲ့လို့ ပြောမပြတတ်အောင် ပျော်နေမိကြောင်း မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်ဟာလန်းက ပြောကြားခဲ့ပါတယ်။
မန်ချက်စတာ စီးတီးအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ဂျာမန်ကလပ် လိုက်ပ်ဇစ်ကို ၇-၀ နဲ့ အနိုင်ယူခဲ့ပြီး ဟာလန် တယောက်တည်းက ၅ ဂိုး သွင်းခဲ့တာပါ။ နောက်ထပ် ဂိုးတွေကိုတော့ အသင်းဖော် အိုင်ကေ ဂွမ်ဒိုဝမ်နဲ့ ကီဗင် ဒီဘရိုင်းတို့က ရယူပေးခဲ့ကြပါတယ်။
ဟာလန်းဟာ ဥရောပရဲ့ ကလပ်အသင်းအဆင့် ပြိုင်ပွဲကြီးမှာ တပွဲတည်း ၅ ဂိုး သွင်းနိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာပြီး ဒါမျိုး စွမ်းဆောင်နိုင်တာ ၉ နှစ်အတွင်း ပထမဆုံး ကစားသမား အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ အခုဆိုရင် သူဟာ ချန်ပီယံလိဂ်မှာ စီးတီးအတွက် အခုရာသီ ၁၀ ဂိုးထိ ရရှိထားပြီး အသင်းရဲ့ သမိုင်းတလျှောက် ဘောလုံးရာသီ တခုတည်းမှာ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး ဘောလုံးသမားလည်း ဖြစ်လာခဲ့ပါတယ်။
ပထမပိုင်းမှာ ပင်နယ်တီ အပါအဝင် Hat-Trick သွင်းခဲ့ပြီး ဒုတိယပိုင်းမှာ ၂ ဂိုးထပ်သွင်းခဲ့တဲ့ နော်ဝေး လက်ရွေးစင်က ဒါဟာ ထူးကဲတဲ့ ညတည ဖြစ်ခဲ့ကြောင်း၊ ချန်ပီယံလိဂ်မှာ လူတိုင်း ကစားချင်ကြပြီး သူက ဒီပြိုင်ပွဲကို သိပ်အလေးထားတယ် ဆိုတာကိုလည်း အားလုံး သိကြမှာ ဖြစ်ကြောင်း၊ အသင်းက ၇ ဂိုးပြတ်နိုင်ပြီး သူကလည်း ၅ ဂိုးတောင် သွင်းနိုင်လို့ အရမ်း ပျော်နေမိကြောင်း ဟာလန်းက ဆိုပါတယ်။
ဖြစ်စဉ်တွေက သူ့ခေါင်းထဲမှာ ရှုပ်ထွေးနေပြီး မှတ်မိတာကတော့ အခွင့်အရေး ရလာတာနဲ့ ဘောလုံးကို ဂိုးပေါက်ဆီ ကြုံးကန်နေခဲ့တယ် ဆိုတာပဲလို့လည်း ဟာလန်းက ဖွင့်ဟခဲ့ပါတယ်။ သူသွင်းခဲ့သမျှ ဂိုးတိုင်းမှာ တဖွဲ့တနွဲ့ စဉ်းစားနေတာမျိုး သိပ်မလုပ်ဘဲ ခပ်မြန်မြန်ပဲ ကန်သွင်းဖို့ ကြိုးစားခဲ့ကြောင်း၊ စဉ်းစားနေတာထက် လက်တွေ့ ထလုပ်တာကို သူပိုအားသန်ကြောင်းလည်း အသက် ၂၂ နှစ်အရွယ် ကစားသမားက ဆက်ပြောပါတယ်။
သူဟာ အခုဆိုရင် ချန်ပီယံလိဂ်မှာ ၂၅ ပွဲသာ ကစားရသေးပေမယ့် ၃၃ ဂိုးထိ သွင်းထားနိုင်ခဲ့ပါပြီ။ ဒါဟာ သမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုး ၃၀ ပြည့်ဖို့ ပွဲအရေအတွက် အများဆုံး စံချိန်လည်း ဖြစ်လာပါတယ်။
ဟာလန်းဟာ အခုဘောလုံးရာသီ အစပိုင်းကမှ ဘိုရပ်ရှား ဒေါ့တ်မန်ကနေ စီးတီးကို ပြောင်းရွှေ့လာတာဖြစ်ပြီး အသင်းအတွက် ၃၆ ပွဲ ကစားပြီး ၃၉ ဂိုးထိ သွင်းယူထားပါတယ်။
Ref: MCFC