ယူကရိန်း စစ်ပွဲမှာ ရုရှားကို တရုတ်က လက်နက်ထောက်ပံ့ပေးလာနိုင်တယ်လို့ အမေရိကန် စွပ်စွဲ

တရုတ်ဟာ ယူကရိန်း စစ်ပွဲအတွက် ရုရှားကို စစ်လက်နက် အထောက်အပံ့တွေ ပေးလာနိုင်တယ်လို့ အမေရိကန်က သတိပေး ပြောကြားလိုက်ပါတယ်။

CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က အခုဆိုရင် တရုတ် ကုမ္ပဏီတွေဟာ ယူကရိန်း စစ်ပွဲနဲ့ ဆက်နွှယ်ပြီး ရုရှားကို လက်နက် မဟုတ်တဲ့ အထောက်အပံ့တွေ စတင် ပေးပို့နေပြီလို့ စွပ်စွဲခဲ့ပါတယ်။

အနာဂတ်မှာ အဲဒီ အကူအညီ ပေးမှုတွေကို တစ်ဆင့်မြှင့်ပြီး သေစေနိုင်တဲ့ အရာတွေ (လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ)ပါ ပေးပို့လာနိုင်တယ်လို့ ဘလင်ကန်က ဆက်ပြောပါတယ်။

အဲဒီအဆင့်ထိ ရောက်လာရင်တော့ တရုတ်အနေနဲ့လည်း ပြင်းထန်တဲ့ အကျိုးဆက်တွေကို ကြိုတင် မျှော်လင့်ထားသင့်တယ်လို့ သူက သတိပေးခဲ့ပါတယ်။ 

တရုတ်ကတော့ ရုရှားက သူတို့ဆီက စစ်လက်နက်တွေ အကူအညီ တောင်းခံတယ်ဆိုတာကိုရော၊ ရုရှားဆီ စစ်လက်နက်တွေ တင်ပို့လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကိုပါ အစဉ်တစိုက် ငြင်းဆန်နေခဲ့ပါတယ်။

 တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ နီးစပ် ကျွမ်းဝင်သူ တစ်ဦးဖြစ်သလို ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ပြုခဲ့တာနဲ့ ပတ်သက်လို့လည်း ရှုတ်ချမှု မရှိသေးပါဘူး။ ရှီက သူ့ကိုယ်သူ ဒီပဋိပက္ခမှာ ကြားနေသူအဖြစ် ကြေညာထားပြီး နှစ်နိုင်ငံ ပြန်လည် သင့်မြတ် ငြိမ်းချမ်းသွားတာကိုသာ လိုလားတယ်လို့ ပြောပါတယ်။

ဘလင်ကန်ကတော့ ရေရှည်မှာ တရုတ်ဟာ ရုရှားအတွက် သေစေလောက်တဲ့ အရာဝတ္ထု ပစ္စည်းတွေ ထောက်ပံ့လာမှာကို အလေးအနက် စိုးရိမ်မိကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ လက်ရှိ အချိန်ထိ တရုတ် ကုမ္ပဏီတွေဟာ လက်နက် မဟုတ်တဲ့ အထောက်အပံ့တွေ မှန်သမျှကို ရုရှားအတွက် အလုံးအရင်း တင်ပို့နေပြီး ရုရှားကလည်း ယူကရိန်း စစ်ပွဲမှာ ပြန်လည် အသုံးပြုနေကြောင်း၊ ဒီအဆင့်ကနေ သေစေနိုင်လောက်တဲ့ ပစ္စည်းကိရိယာတွေ တင်ပို့တဲ့ အဆင့်ထိ တက်လှမ်းလာမှာကို သူအတော်လေး စိုးရိမ်မိကြောင်း ဘလင်ကန်က CBSကို မှတ်ချက် ပေးခဲ့တာပါ။

ဒါပေမဲ့ တရုတ်က ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ဘယ်လို အစီအမံတွေ ကြံစည်နေသလဲ ဆိုတာမျိုးကိုတော့ သူက တိတိကျကျ ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ နားလည်ထားသင့်တာ တစ်ခုက တရုတ်မှာ အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ခွဲခြားရှုမြင်လို့ မရဘူးဆိုတာပဲ ဖြစ်တယ်လို့တော့ သူက ထောက်ပြခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ ယူကရိန်းမှာ ရိုက်ကူးထားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကို ရုရှား ကြေးစားတပ် Wagner Groupဆီ ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ် ကုမ္ပဏီ တစ်ခုကို အရေးယူ ပိတ်ဆို့ထားပြီးပါပြီ။ Wagner Groupဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ပါဝင်တိုက်ခိုက်ဖို့ ကြေးစားစစ်သား သောင်းဂဏန်းလောက် ထောက်ပံ့ထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

 

Ref: CBS