ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်ကို စစ်တပ်က ထောင်ငါးနှစ်ထပ်ချ

ပြီးခဲ့တဲ့ ၂၀၂၂  ဇွန်လကတည်းက စစ်ကောင်စီကဖမ်းဆီးသွားပြီး ပုဒ်မ ၅-၅-က နဲ့ ထောင် ၃နှစ်ချထားတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်ကိုလင်းထက်နိုင် (ခေါ် ) ကိုဂျိမ်းကို စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ ၁၃ရက်မှာ  ပုဒ်မ ၅၂(ခ) နဲ့ ထောင်  ၅ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။

” ဗိုလ်တထောင်ခရိုင်တရားရုံးကနေ  ပုဒ်မ ၅၂(ခ) နဲ့ ထောင် ၅ နှစ် ထပ်ချလိုက်ပါတယ်။ ပထမ ၅၀၅(က) ၃နှစ်နဲ့ဆို စုစုပေါင်း ၈နှစ်ပါ။  ဒီမိုကရေစီရေးကာကွယ်လှုပ်ရှားတဲ့ တက်ကြွလှုပ်ရှားသူတဦးကို  နိုင်ငံရေး ဖိနှိပ်တဲ့ ပုဒ်မဟောင်းအပြင်အကြမ်းဖက်ပုဒ်မ အမှုနဲ့ပါ မတရားဖမ်းဆီး၊အမှုဆင် ထောင်ချ ခြင်းဖြစ်ပါတယ်” လို့ ကိုလင်းထက်နိုင်ရဲ့ မိသားစုဝင်က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

ဗကသကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်တဲ့ ကိုလင်းထက်နိုင်ကိုတော့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ စစ်ကောင်စီတပ်တွေက ရန်ကုန်မြို့ ၊ ဗိုလ်တထောင်မြို့နယ်မှာ ဖမ်းဆီးသွားပြီး စွပ်စွဲချက်တွေနဲ့ ပုဒ်မတွေတပ်တရားစွဲဆိုပြီး အခုလိုထောင်ဒဏ်တွေချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာတော့ ရန်ကုန်အင်းစိန်ထောင်ရဲ့ ထောင်ဝင်စာပို့ရာနေရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကိုလင်းထက်နိုင်ကိုထောင်ဝင်စာလာပို့တဲ့ မိခင်ဖြစ်သူ ဒေါ် ကြီးမြင့်ဟာလည်း ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေထဲမှာပါဝင်ခဲ့ပါတယ်။

ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်သလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ ကိုလင်းထက်နိုင်ဟာ အစိုးရအဆက်ဆက်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေဆက်တိုက်လုပ်ခဲ့ပြီး ထောင်အကြိမ်ကြိမ်ချမှတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေလုပ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ နဲ့ ကျောင်းသားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးထောင်ချခဲ့ပါတယ်။