လေတပ်ရဲ့ ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ တရုတ် စပိုင် မိုးပျံ ပူဖောင်းကို အမေရိကန်ရေတပ် ရေငုပ်သမားတွေက ရှာဖွေနေကြောင်း သိရပါတယ်။
အမေရိကန် လေပိုင်နက်ထဲမှာ ရက်အတန်ကြာ ရှိနေခဲ့တဲ့ တရုတ် မိုးပျံပူဖောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အမေရိကန် လေတပ်ရဲ့ F-22 တိုက်လေယာဉ် တစ်စီးက ဒုံးကျည်နဲ့ ပစ်ချခဲ့တာကြောင့် တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ် အရှေ့ဖက် ကမ်းလွန်ကို ပျက်ကျသွားခဲ့တာပါ။
တရုတ်က အဲဒီ မိုးပျံပူဖောင်းဟာ အမေရိကန် စွပ်စွဲသလို ထောက်လှမ်းရေး လုပ်ငန်းအတွက် လွှတ်တင်ထားတာ မဟုတ်ဘဲ မိုးလေဝသ လေ့လာရေးဆိုင်ရာ အရပ်ဖက်သုံး ဓာတ်ငွေ့ ဘောလုံး တစ်ခုသာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ မိုးပျံပူဖောင်းကို အမေရိကန်က ပစ်ချဖို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် အရင်ကတည်းက အခြေအနေ မကောင်းတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးက ပိုပြီး ဆိုးရွားသွားခဲ့ပါတယ်။
အခုအခါမှာတော့ အမေရိကန် ရေတပ်ဟာ အမြင့်ပေ ၁၂၀၀၀၀ ဝန်းကျင်လောက်ကနေ ပင်လယ်ပြင်ကို ကျဆင်းသွားတဲ့ မိုးပျံပူဖောင်းရဲ့ အပိုင်းအစတွေကို ဖြန့်ကျက် ရှာဖွေနေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။
မိုးပျံပူဖောင်း ကျဆင်းသွားနိုင်ခြေရှိတဲ့ နေရာမှာ ရေလမ်းခရီး သွားလာမှုတွေကို ယာယီ ပိတ်ပင်ထားသလို အမေရိကန် ရေတပ်နဲ့ ကမ်းခြေစောင့်တပ်ရဲ့ ရေယာဉ်တွေ ကင်းလှည့် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ကြား သံတမန်ရေးရာ ထိတွေ့မှုတွေ ပိုမိုရှုပ်ထွေးသွားစေခဲ့တဲ့ မိုးပျံပူဖောင်း ဒရာမာက အမေရိကန်ရဲ့ ပစ်ချမှုကြောင့် အဆုံးသတ်သွားပြီ ဆိုပေမယ့် နောက်ဆက်တွဲ ဂယက်တွေကတော့ လှုပ်ခတ်ပြီး ကျန်နေဦးမှာ ဖြစ်ပါတယ်။ တရုတ်က အရပ်ဖက်သုံး သုတေသန မိုးပျံပူဖောင်းကို ပစ်ချခဲ့တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ရှုတ်ချထားပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်က သူတို့ရဲ့ အချုပ်အခြာ အာဏာ ပိုင်နက်ကို တရုတ်က ကျူးကျော်ခဲ့တယ်လို့ စွပ်စွဲပြီး နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ဘေဂျင်း ခရီးစဉ်ကိုပါ ဆိုင်းငံ့စေခဲ့ပါတယ်။
လောလောဆယ် ရေအောက် နစ်မြုပ်သွားတဲ့ မိုးပျံပူဖောင်း အပိုင်းအစတွေကို လိုက်လံ ရှာဖွေနေရတဲ့ အကြောင်းရင်းကတော့ အဲဒီ ပစ္စည်းရဲ့ ရည်ရွယ်ချက် အမှန်ကို ဖော်ထုတ်နိုင်ဖို့ ဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။ တရုတ်ရဲ့ မိုးပျံပူဖောင်းဟာ အမေရိကန်ရဲ့ နျူကလီးယား ထိပ်ဖူးတွေ ထားရှိရာ မွန်တာနာ ပြည်နယ် လေပိုင်နက်ထဲ ဝင်ရောက်ခဲ့တဲ့နောက် လုံခြုံရေး ရှုထောင့်က ဝေဖန် မေးခွန်းထုတ်မှုတွေ စတင်ထွက်ပေါ်လာခဲ့ပါတယ်။