တော့တင်ဟမ် ဟော့စပါးရဲ့ ဂိုးအများဆုံး စံချိန်ရှင် ဖြစ်လာတဲ့ ဟယ်ရီကိန်း

မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့နောက် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ သမိုင်းတလျှောက် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

 ပိုပြီး ချိုမြိန်ခဲ့တဲ့ အချက်ကတော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံတွေဖက်ကို ပွဲချိန် အစောပိုင်းမှာ သွင်းယူခဲ့တဲ့ ကိန်းရဲ့ ဂိုးဟာ တစ်လုံးတည်းသော အနိုင်ဂိုး ဖြစ်ခဲ့တာပါပဲ။ အခုဆိုရင် ကိန်းဟာ တော့တင်ဟမ်အတွက် ၂၆၇ ဂိုးမြောက်ကို ရရှိခဲ့ပြီး အသင်းရဲ့ သမိုင်းမှာ ဂိုးအများဆုံး သွင်းခဲ့သူ အနေနဲ့ ဆယ်စုနှစ် ၅ ခုကျော် ရပ်တည်ခဲ့ဖူးတဲ့ ဂျင်မီဂရိဗ်စ်ကို ကျော်တက်နိုင်ခဲ့ပါတယ်။

 အင်္ဂလန်ရဲ့ သမိုင်းမှာ အပြီးပြည့်စုံဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်လို့ ကျော်ကြားခဲ့တဲ့ ဂရိဗ်စ်ကတော့ တော့တင်ဟမ်အတွက် ၁၉၆၁ ကနေ ၁၉၇၀ ပြည့်နှစ် အတောအတွင်း ၃၇၉ ပွဲ ကစားပြီး ၂၆၆ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဝှိုက်ဟတ်လိန်း ကွင်းကြီးထဲမှာ ဂရိဗ်စ် ကစားခဲ့တဲ့ ဘောလုံးရာသီ ၉ ခုအတွင်း ၆ ခုမှာ တစ်ရာသီကို ဂိုး ၃၀ ကျော်စီ သွင်းခဲ့သလို တစ်ကြိမ်မှာတော့ ဂိုး ၄၀ ကျော်ထိ ရခဲ့ဖူးပါတယ်။

 အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ကိန်းဟာ ဇန်နဝါရီ ၂၃ ရက်က ဖူလ်ဟမ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဂရိဗ်စ်နဲ့ တူညီတဲ့ သွင်းဂိုး စံချိန်ကို ရရှိလာပြီး အခုအခါမှာတော့ ဂန္ထဝင်ကြီးကိုပါ ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကစားတဲ့ ပွဲအရေအတွက်နဲ့ အချိုးချကြည့်မယ် ဆိုရင်တော့ ဂရိဗ်စ်ဟာ အသင်းရဲ့ သမိုင်းမှာ ဂိုးသွင်းနိုင်စွမ်း အထက်မြက်ဆုံးသူအဖြစ် ရပ်တည်နေဦးမှာပါ။ ကိန်းဟာ ဂရိဗ်စ်ရဲ့ စံချိန်ကို ကျော်တက်ဖို့အတွက် ပြိုင်ပွဲပေါင်းစုံမှာ ၄၁၆ ပွဲထိ ကစားခဲ့ရတာကြောင့်ပါ။

 နောက်ပြီး စီးတီးနဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် ကိန်းအနေနဲ့ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀၀ ပြည့်တဲ့ ရှားရှားပါးပါး တတိယမြောက် ကစားသမား အနေနဲ့ပါ မှတ်တမ်း ဝင်လာနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ သွင်းဂိုး ၂၀၀ နဲ့အထက် ရရှိဖူးသူတွေဆိုလို့ အရင်က အလန်ရှီးယားရား (၂၆၀ ဂိုး)နဲ့ ဝိန်းရွန်နေး (၂၀၈ ဂိုး)တို့သာ ရှိခဲ့ဖူးပါတယ်။

 ကိန်းဟာ တော့တင်ဟမ်အတွက် ဂုဏ်ယူစရာ သွင်းဂိုးစံချိန်သစ်ကို ရရှိခဲ့တယ် ဆိုပေမယ့်လည်း သူ့ရဲ့ ကစားသမားဘဝ ဖြတ်သန်းမှုကတော့ အောင်မြင်မှု ဆုဖလားတွေနဲ့ ဝေးကွာနေဆဲပါ။ သူ့ရဲ့ တော့တင်ဟမ် ကစားသမား ဘဝတလျှောက် လိဂ်ဖလား ဗိုလ်လုပွဲကို နှစ်ကြိမ်နဲ့ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တစ်ကြိမ် တက်လှမ်းခဲ့ဖူးပေမယ့် အရှုံးတွေနဲ့ချည်း ရင်ဆိုင်ခဲ့ရပြီး ဆုဖလား ကိုင်မြှောက်ခွင့်နဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။