မော်လမြိုင်-ရန်ကုန်ရထားလမ်းမှာ တလနီးပါးအတွင်း မိုင်းဆွဲတိုက်ခိုက်မှု သုံးကြိမ်ဖြစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာမှာ ဇန်နဝါရီ (၁၀) ရက် မနေ့က ည ၇ နာရီဝန်းကျင်မှာ ကုန်တင်ရထားတွဲမိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါင်မြို့နယ်ဘက်နေ သထုံမြို့နယ်ဘက်ကို လမ်း ခင်းကျောက်တွေ တင်လာတယ်လို့ ဒေသခံတွေသိထားတဲ့ကုန်တင်ရထားဟာ ပေါင်မြို့နယ် ရွာတန်း ရှည် ကျေးရွာအနီး ဒေသအခေါ် (ရင်းငြိမ်ခါလီအကွေ့)မရောက်ခင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ သိရပါတယ်။

မိုင်းဆွဲခံရမှုကြောင့် ရထားသံလမ်းပြုတ်ထွက်ကာ ကုန်တင်ရထားလမ်းချော်ပြီး လမ်းဘေးထိုးကျသွားတယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“ဖြစ်တဲ့အချိန်က အသံအကျယ်ကြီး ကြားရတယ်၊ အဝေးပြေးကားလမ်းမကြီးမှာ ဗုံးပေါက်တာလို့ ထင်တာ၊ မဟုတ်ဘူး၊ ရထားမိုင်းဆွဲခံရတာ၊ ရထားသံ လမ်းကလည်း ပြုတ်ထွက်သွားတယ်၊ လမ်းချော်ပြီး ဘေးနားကို ထိုးကျနေတယ်၊ အဲနားက လူနေအိမ်နဲ့လည်း ဝေးတယ်၊ လူလည်းပြတ်တယ်” လို့ သူက ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာ စစ်ကောင်စီလက်အောက်ခံစစ်သားနဲ့ ရထားဝန်ထမ်းတွေရောက်လာပြီး ရထားလမ်းကို ချက်ချင်းပြင်ဆင်ခဲ့ကာ ဘေးထိုးကျနေတဲ့ ရထားတွဲကို ကရိန်းတွေနဲ့ ပြန်ဆွဲတင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဒီကနေ့ မနက်ပိုင်းမှာ မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ်တွေကလည်း ပုံမှန်ပြေးဆွဲနေပြီလို့ သိရပါတယ်။မော်လမြိုင်-ရထားလမ်းပိုင်းမှမနေ့က ရထားမိုင်းဆွဲခံရမှုဟာ အခုလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၂)ရက်ကလည်း သထုံမြို့နယ် ဂေါကျေးရွာမှာ ကုန်တင်ရထားတွဲမိုင်းဆွဲခံခဲ့ရပါသေးတယ်။ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအ တွင်းကလည်း သထုံမြို့နယ် ကလိကျွန်းကျေးရွာနဲ့ တံတားဦးကျေးရွာကြားမှာ ရထားတစင်းမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရထားလမ်းပိုင်းမှာ စစ်ကောင်စီရထားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ် စဉ်တွေမကြာမကြာရှိနေပြီး တိုက်ခိုက်ခံရတဲ့ရထားတွေကိုတော့ ကုန်တင်ရထားတွေလို့ ဒေသခံတွေသိကြရပါတယ်။

အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒေသတွင်း တေယ်လှန်ရေး အဖွဲ့အစည်းတွေက တာဝန်ခံ ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။ရထားမိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်တွေဟာ အဲ့ဒီရထားတွေကိုအသုံးပြုပြီး စစ်ကောင်စီက လက်နက်ခဲယမ်းနဲ့ရိက္ခာ သယ်ယူပို့ ဆောင်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပေါင်မြို့မှာနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကပြောပါတယ်။

ဒါပေမယ့် အဲ့ဒီလိုလုပ်နေတယ်ဆိုတဲ့ သတင်းအတိ အကျမရဘဲ ဖောက်ခွဲတိုက်ခိုက်မှုတွေလုပ်နေတာဆိုရင်တော့ တော်လှန်ရေးအတွက် ထိရောက်တဲ့ရလဒ်မရှိသလို ဒေသခံတွေရဲ့ ကုန်စည်စီးဆင်းမှုတွေကိုလည်းထိခိုက်နိုင်တယ်လို့ သူကပြောပါတယ်။

“သတင်းအတိအကျမရဘဲနဲ့ လုပ်တယ်ဆိုရင်တော့ ပြည်သူတွေအတွက် ထိခိုက်နစ်နာမှုတွေရေရှည်မှာဖြစ်လာမယ်ပေါ့နော်၊ဒါတွေကိုတော်လှန်ရေးအဖွဲ့တွေ စဥ်းစားသင့်တယ်” လို့ ပေါင်မြို့နယ်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူက ပြောပါတယ်။