
အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့နောက် ဝေဖန်စရာ ဖြစ်ခဲ့တဲ့ အောင်ပွဲခံပုံတွေနဲ့ ပတ်သက်လို့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်နဲ့ သေချာ စကားပြောမယ်လို့ အက်စတန်ဗီလာ အသင်းရဲ့ မန်နေဂျာ အူနိုင်း အမ်မရီက ဆိုပါတယ်။
အသက် ၃၀ အရွယ် မာတီနက်ဇ်ဟာ အင်္ဂလန်ကလပ် ဗီလာမှာ ပရော်ဖက်ရှင်နယ် စာချုပ်နဲ့ ကစားနေသူပါ။ သူဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနား အသင်းရဲ့ အဓိက သူရဲကောင်း တစ်ဦးလို့လည်း သတ်မှတ်ခံရပါတယ်။ ပြင်သစ်နဲ့ သုံးဂိုးစီ သရေကျပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့တဲ့ အာဂျင်တီးနားအတွက် ပုံမှန် ပွဲကစားချိန်တွေမှာရော၊ အဆုံးအဖြတ် ပင်နယ်တီတွေ ကန်သွင်းချိန်မှာပါ လက်စွမ်းပြခဲ့တဲ့ မာတီနက်ဇ်ဟာ ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားအဖြစ် သတ်မှတ်ခံရပြီး ရွှေလက်အိတ်ဆုကို ရခဲ့ပါတယ်။
သူဟာ အဲဒီ တစ်ဦးချင်း ထူးချွန်ဆုကို လက်ခံယူပြီးတဲ့နောက် ဆုကို ပေါင်ကြားနားမှာကိုင်ပြီး ပြင်သစ် ပရိသတ်တွေကို ကော့ပြရင်း အောင်ပွဲခံခဲ့ပါတယ်။ နောက်ပြီး အာဂျင်တီးနား နိုင်ငံကို ပြန်ရောက်ချိန်မှာလည်း ကလေးအရုပ် တစ်ခုမှာ ပြင်သစ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီရဲ့ မျက်နှာပုံကို ကပ်ပြီး လှောင်ပြောင် အောင်ပွဲခံခဲ့ပြန်ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် မာတီနက်ဇ်ဟာ ထူးချွန်သလောက် ပရော်ဖက်ရှင်နယ် မပီသသူ တစ်ဦးလို့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အမ်မရီကတော့ လူတွေဟာ အကြီးအကျယ် စိတ်လှုပ်ရှားနေတဲ့ အချိန်မျိုးကျရင် အပြုအမူတွေကို မထိန်းချုပ်နိုင်တာမျိုး ဖြစ်သွားတတ်ကြောင်း၊ မာတီနက်ဇ် အသင်းကို ပြန်ရောက်လာရင်တော့ သူ့ရဲ့ အောင်ပွဲခံပုံ တချို့နဲ့ ပတ်သက်လို့ လူချင်းတွေ့ပြီး သေချာ စကားပြောမှာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ လောလောဆယ် မာတီနက်ဇ်ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့အတူပဲ ရှိနေပြီး ဒီအခြေအနေကို လေးစားဖို့လိုကြောင်း၊ သူက ဗီလာအသင်းမှာ ရှိနေပြီ ဆိုရင်တော့ ပြောသင့်တဲ့ စကားမျိုးကို ပြောရမှာဖြစ်ကြောင်း၊ ဘာပဲဖြစ်ဖြစ် မာတီနက်ဇ်က သူ့ရဲ့ လက်ရွေးစင် အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူပြခဲ့ အပေါ်မှာတော့ သူ့အတွက် ဗီလာ တစ်သင်းလုံးက ဂုဏ်ယူပေးနေကြောင်း အမ်မရီက ဆိုပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်လ်ပဲလေ့စ်ကို ကိုင်တွယ်နေတဲ့ ပြင်သစ်သား မန်နေဂျာ ပက်ထရစ် ဗီအဲရာကလည်း အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ရသွားတဲ့ ကိစ္စကို အကျည်းတန်စေတဲ့ တစ်ခုတည်းသော ကိစ္စက မာတီနက်ဇ်ရဲ့ အောင်ပွဲခံပုံတွေသာ ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။