စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ညောင်ပင်ဝန်းရဲစခန်းရှေ့မှာ စစ်ဆေးရေး ဂိတ်ဖွင့်ထားတဲ့ စစ်သားတွေနဲ့ ရဲတွေကို ဒီကနေ့ ဒီဇင်ဘာ (၁၉) ရက်မနက်ပိုင်းမှာ ဗုံးသီးငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်နယ်စွန် PDF က ထုတ်ပြန်ပါတယ်။
ညောင်ပင်ဝန်းရဲစခန်းဟာ စစ်ကိုင်း-မုံရွာ လမ်းပေါ်မှာရှိတာဖြစ်ပြီး ရဲစခန်းရှေ့ အဲ့ဒီလမ်းမပေါ်က စစ်ဆေးရေးဂိတ်ကို ၄၀ မမ ဗုံးသီးနှစ်လုံး၊ ဒေသအခေါ် ပရိန်ကျည် (၄၀ မမ ထက်ပေါက်ကွဲအားပြင်းတဲ့ဗုံးသီး) သုံးလုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ခုလက်ရှိအချိန်အထိတော့ ငြိမ်နေတယ်၊ သူတို့ဖက်က ထိသွားတာတွေတော့ရှိတယ်၊ အတည်မပြုနိုင်သေးဘူး၊ ကျွန်မတို့ဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ တိုက်နယ်စွန် PDF တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်နေချိန်အတွင်း လမ်းပေါ်မှာ အရပ်သားပြည်သူတွေရဲ့ကား တွေ သွားလာနေတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း သူကဆိုပါတယ်။
ညောင်ပင်ဝန်းရဲစခန်းက စစ်သားတွေနဲ့ ရဲတွေဟာ နီးအနားကရွာတွေနဲ့ လမ်းမပေါ်သွားလာနေတဲ့ပြည်သူတွေဆီက ငွေကြေးအဓမ္မကောက်ခံတာတွေ လုပ်နေတယ်လို့ တိုက်နယ်စွန် PDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကနေ့မနက် ပိုင်းတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း ၃၊ ၈၊ တိုက်နယ်စွန် (စွန်) PDF နဲ့ ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညောင်ပင်ဝန်းရဲစခန်းဟာ ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့တွေရဲ ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ မကြာမကြာ ရင်ဆိုင်ရလေ့ရှိပြီး၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ စတဲ့ဖြစ်စဉ်တွေ တောက်လျှောက် ရှိနေတာပါ။ အခုလအတွင်းမှာပဲ အဲ့ဒီရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။
ဒီကနေ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိမရှိ DNA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။