ရခိုင်မှာ ခရီးသည်တင်ရေယာဉ်နဲ့ စစ်ရေယာဥ် တိုက်မိပြီး ခရီးသည်သုံးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မယူမြစ်ထဲမှာ ဒီကနေ့ ဒီဇင်ဘာ (၁၂) ရက် မနက်ပိုင်းက ဘူးသီးတောင်ကနေ စစ်တွေမြို့ကိုထွက်လာတဲ့ခရီးသည် တင်ရွှေပြည်တန်အမြန်ရေယာဉ် နဲ့ စစ်ရေယာဥ်တစီးတိုက်မိပြီး ခရီးသည် သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“ဘေးချင်းကပ် ပွတ်ပြီး တိုက်မိတာ၊သင်္ဘော ပေါ်မှာ ပါလာတဲ့ အဘွားကြီးတစ်ယောက်နဲ့ နောက်နှစ်ယောက် ဒဏ်ရာရပါတယ်၊ နေဗီက ဘယ်ကို သွားနေတာလဲတော့မသိဘူး၊ ရိက္ခာပို့ဖို့ သွားတာထင်တယ်၊ နှင်းတွေ ပိတ်ပြီး သေချာမမြင်ရလို့ တိုက်မိတာလို့ ပြောကြတယ်”လို့ ဘူးသီးတောင်ဒေသခံတဦးက ပြောပါတယ်။

ခရီးသည်တင်ယာဥ်ဟာ ကမ်းကနေစတင်ထွက်ခွာခဲ့အပြီး နာရီဝက်ဝန်းကျင်အကြာ ဘူးသီးတောင် မြို့နယ် ရွက်ညိုးတောင်ရွာနားက မြစ်ကြောင်းထဲအရောက် စစ်ရေယာဥ်နဲ့တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို တိုက်မိတာကြောင့် ဒဏ်ရာရသူတွေကို ခရီးသည်တင် ရေယာဥ်က ဘူးသီးတောင်မြို့ဆေးရုံကို ပို့ပေးခဲ့ပြီး  စစ်တွေဘက် ပြန်ထွက်လာခဲ့ တယ်လို့ဒေသခံတွေက ပြောကြပါတယ်။

ဆေးရုံမှာကုသမှုခံနေရတဲ့ဒဏ်ရာရသူတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။ ရေယာဥ်နှစ်စီးတိုက်မိတဲ့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်စခန်းတွေရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 စစ်ရေယာဥ်ပေါ် လိုက်ပါလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကတော့ ရေယာဥ်နှစ်စီးတိုက်မိမှုကြောင့် ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

“နေဗီက ဘယ်လိုမောင်းနေလဲတော့ မသိပါဘူး ၊ဒီရက်ပိုင်း ရိက္ခာပို့ အသွားအလာလုပ်နေတာ နေ့ တိုင်းလိုလိုပါပဲ၊ အပစ်ရပ်ပြီးကတည်းက သွားနေ တာ”လို့ နောက်ထပ် ဒေသခံတဦးက ပြောပါ တယ်။

ဘူးသီးတောင် – စစ်တွေ ရွှေပြည်တန်အမြန်ရေယာဉ်ခရီးစဉ်ဟာ နှစ်လကျော်ကြာ ပြေးဆွဲခွင့် ပိတ်ပင်ခံခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကမှ ပြန်ပြေးဆွဲခွင့်ရထားတာဖြစ်ပါတယ်။