အသက်အရွယ် သတ်မှတ်ချက် စနစ်နှစ်ခုကို ပြန်လည် ပြင်ဆင်လိုက်တဲ့နောက် တောင်ကိုရီးယား နိုင်ငံသားတွေရဲ့ အသက်ဟာ အနည်းဆုံး တနှစ်လောက် တရားဝင် ပြန်ငယ်သွားတော့မှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၈ ရက်မှာ တောင်ကိုရီးယား လွှတ်တော်က ရိုးရာဓလေ့တွေကို အခြေခံထားတဲ့ နိုင်ငံရဲ့ အသက်အရွယ် သတ်မှတ်ချက် စည်းမျဉ်းတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပြန်ပြင်ဆင်မယ့် ဥပဒေသစ်ကို အတည်ပြုလိုက်ပါတယ်။
ဒါကြောင့် ၂၀၂၃ ခုနှစ်ကစပြီး တောင်ကိုရီးယား နိုင်ငံသားတွေရဲ့ အသက်ဟာ တနှစ်၊ တချို့က နှစ်နှစ်လောက် ပြန်ငယ်သွားတော့မှာပါ။ လက်ရှိ စနစ်အရ တောင်ကိုရီးယားမှာ ကလေးတဦး မွေးဖွားလာတာနဲ့ အသက် တနှစ်လို့ စတင် သတ်မှတ်ပါတယ်။
ပြင်ဆင်ပြောင်းလဲလိုက်တဲ့ သတ်မှတ်ချက်အရ နိုင်ငံတကာ လက်ခံထားတဲ့ စံနှုန်းတွေအတိုင်း နိုင်ငံသားတွေရဲ့ အသက်ကို ဖော်ပြစေတော့မှာ ဖြစ်ပါတယ်။ လက်ရှိ သုံးစွဲနေတဲ့ စနစ်ကိုတော့ ကိုရီးယား အသက် သတ်မှတ်မှု စနစ်လို့ ခေါ်ဝေါ်လေ့ ရှိပါတယ်။
နောက်ထပ် ကိုရီးယားမှာ သုံးစွဲတဲ့ စနစ်တခုက စဉ်ဆက်မပြတ် အသက် သတ်မှတ်ချက်လို့ ခေါ်ပါတယ်။ အဲဒီ စနစ်မှာတော့ ကလေးတဦး မွေးတဲ့အချိန်မှာ အသက်ကို သုညနှစ်လို့ သတ်မှတ်ပေမယ့် နှစ်သစ်ကူး ဇန်နဝါရီ တရက် ရောက်တာနဲ့ အသက် တနှစ်လို့ တိုးပြီး သတ်မှတ်လိုက်ပါတယ်။ အရက်နဲ့ ဆေးလိပ် ဝယ်ယူခွင့် အသက် ကန့်သတ်ချက်အတွက် တွက်ချက်တာမျိုးဆိုရင် ဒီစနစ်ကို သုံးလေ့ ရှိပါတယ်။
အခုတော့ အဲဒီ စနစ်ဟောင်း နှစ်ခုစလုံးကို ပယ်ဖျက်ပြီး နိုင်ငံတကာက လက်ခံထားတဲ့အတိုင်း လူတဦး မွေးဖွားပြီး နောက်ထပ် တနှစ် (၃၆၅ ရက်) ကြာပြီးမှ အသက်တနှစ် တိုးတယ်လို့ ပြင်ဆင် သတ်မှတ်သွားမှာ ဖြစ်ပါတယ်။
အာဏာရ ပြည်သူ့စွမ်းအား ပါတီရဲ့ အမတ်တဦးဖြစ်တဲ့ ယူဆန်ဘွမ်းက အခုအပြောင်းအလဲဟာ မလိုလားအပ်တဲ့ လူမှု စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ပြီး အသက်အရွယ် တွက်ချက်မှုတွေမှာ နိုင်ငံတကာနဲ့ ပြန်ညှိရတဲ့ ကိစ္စတွေကို ပယ်ဖျက်ပြီးသား ဖြစ်သွားစေမယ်လို့ ပြောကြားသွားပါတယ်။