စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းမှာ နိုင်ငံကူး လက်မှတ်လျှောက်သူဦးရေ အရင်ကထက် သုံးဆနီးပါးမြင့်တက်လာပြီး တနေ့ လူနှစ်ရာနှုန်းနဲ့ ထုတ်ပေးနေရတယ်လို့ အဲ့ဒီရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ အခုနှစ်ဆန်းပိုင်းကစပြီး နိုင်ငံကူး လက်မှတ်လျှောက်ထားသူမြင့်တက်လာကာ အရင်က တရက် လူဦးရေ ၇၀ ဝန်းကျင် သာထုတ်ပေးခဲ့ရတာဖြစ်တယ်လို့ ပုသိမ်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူတွေကို ပုသိမ်မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပေးနေတာဖြစ်ပြီး ရုံးပိတ်ရက်တွေမပါ တရက် လူနှစ်ရာနှုန်းထုတ်ပေးနေရတယ်လို့ဆိုပါတယ်။
နိုင်ငံကူးလက်မှတ်ရဖို့အတွက်ပုံမှန် လေးလလောက်ကြာပြီး ထုတ်ပေးတဲ့ရုံးကို တရားဝင် သတ်မှတ်နှုန်းဖြစ်တဲ့ ကျပ် ငါးသောင်းသာ ပေးသွင်းဖို့လိုတယ်လို့ သိရပါတယ်။
ဒါပေမယ့် ပြည်တွင်းကနေ ပြည်ပကိုထွက်ခွာ အလုပ်လုပ်ကိုင်သူတွေ များလာတာကြောင့် နိုင်ငံကူးလက် မှတ်အမြန်ရဖို့ ပွဲစားတွေကတဆင့် ငွေပိုပေးပြီး လုပ်ရတဲ့မှောင်ခိုစျေးကွက်လည်းရှိနေပြီး နိုင်ငံကူးလက်မှတ် အမြန်ရဖို့ လက်ရှိ ကျပ်သုံးသိန်းလောက် ပေါက်စျေးရှိတယ်လို့ အဲ့ဒီရုံးနဲ့နီးစပ်သူတချို့ကပြောပါတယ်။
နိုင်ငံကူးလက်မှတ်ကို အမြန်လုပ်တဲ့ အခါမှာတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ရဲအထူးသတင်းတပ်ဖွဲ့ (S B) တပ်ဖွဲ့ဝင်တွေ၊ စ သုံးလုံး (စစစ) တပ်ဖွဲ့ဝင်တွေ၊ စရဖ တပ်ဖွဲ့ဝင်တွေ၊ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး လုပ်ကြရတာလို့ အဲ့ဒီလမ်းကြောင်းက လျှောက်ဖူးသူတချို့ကပြောပါတယ်။
နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် ပုသိမ်ကို သုံးကြိမ်လောက်လာရပြီး ပွဲစားနဲ့ အမြန်ရဖို့အတွက်စရိတ်စက အပါအဝင် လေးသိန်းကျော် ငါးသိန်းဝန်းကျင်ကုန်ကျတယ်လို့ ဒေးဒရဲမြို့နယ်ကနေ နိုင်ငံကူးလက်မှတ်လာလုပ်တဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ပုံမှန်လုပ်ရင် ကြန့်ကြာတယ်၊ ဝန်ထမ်းတွေ ကရစ်နေတာနဲ့ တိုးမယ်၊အဲတော့ ငွေကုန် ခံရတော့တာပေါ့ ၊ဝန်ထမ်းတွေက ငွေတောင်းတာ ဓါးပြတိုက်နေသလိုပဲ” လို့ သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းကြီးမြင့်ပြီး ဒေသတွင်းမှာ အလုပ်အကိုင် ရှားပါးလာတာကြောင့် ဧရာဝတီတိုင်းက ဒေသခံတွေဟာ ပြည်ပနိုင်ငံတွေကို သွားရောက်ပြီး အလုပ်လုပ်ကိုင်ကြသူတွေ တိုးမြင့်လာတာ ဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန အကြီးတန်း အရာရှိဟောင်း တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
နိုင်ငံကူးလက်မှတ်လျှောက်တဲ့ အမျိုးသား အမျိုးသမီးတွေဟာ လူငယ်အများစုဖြစ်ပြီး ကျေးလက်က လူငယ်တွေလည်း ပြည်ပထွက် အလုပ်လုပ်ကြသလို မြို့ကလူငယ်အများစုလည်း တက္ကသိုလ်တွေ ဆက်မတက်တော့ပဲ ပြည်ပထွက်ပြီး အလုပ် လုပ်ကြကုန်တယ်လို့ ဆိုပါတယ်။
ပြည်ပထွက်ခွာပြီး အလုပ်အကိုင် လုပ်ကိုင်သူတွေ အများစုဟာ အိမ်နီးချင်းနိုင်ငံတွေက မွေးမြူရေး၊စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ အလုပ်ရုံ စက်ရုံ၊ အထည်ချုပ်၊ အိမ်အကူစတဲ့ အလုပ်တွေကို သွားရောက်လုပ်ကိုင်ကြရတာလို့ ပြည်ပအလုပ်အကိုင် ရှာဖွေပေးတဲ့ ကိုယ်စားလှယ် လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။