ဂျာမနီရဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု မျှော်လင့်ချက်ကို အသက်ဆက်ခွင့် ပေးခဲ့တဲ့ လူစားဝင် တိုက်စစ်မှူး နစ်ကလက်စ် ဖူးလ်ကရက်ဂ်ကို အသင်းနည်းပြ ဟန်စီဖလစ်ခ်က အလေးအနက် ချီးကျူးသွားခဲ့ပါတယ်။
နာမည်ကြီး ဂျာမနီ အသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်မှာ ဂျပန်ကို အမှတ်မထင် ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါ့အပြင် အုပ်စု ဒုတိယ ပွဲစဉ်တွေမှာ ကော်စတာရီကာက ဂျပန်ကို အနိုင်ယူသွားတာကြောင့် ဂျာမနီကသာ စပိန်ကို ရှုံးခဲ့မယ်ဆိုရင် သေချာပေါက် အုပ်စု အဆင့်က ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလို အုပ်စုက ထွက်ခွာရမယ့် အိပ်မက်ဆိုးမျိုး တကျော့ပြန် ခြိမ်းခြောက်လာချိန်မှာ ဂျာမနီ အသင်းဟာ စပိန်ကို ဖိအားတွေ အမြောက်အမြားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ပွဲစဉ်မှာ ခံစစ်မှူး အန်ထော်နီ ရူဒီဂါရဲ့ သွင်းဂိုးကို VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့တဲ့ အတွက်လည်း ဂျာမနီအသင်း ပိုပြီး အခက်တွေ့ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်မှာ စပိန်အတွက် အယ်လ်ဗာရို မိုရာတာက ဦးဆောင်ဂိုး သွင်းသွားတဲ့ အခါမှာတော့ ဂျာမနီရဲ့ အိပ်မက်ဆိုးတွေက လက်တွေ့ အထမြောက်ဖို့ နီးစပ်လာပါတယ်။ ဒါပေမဲ့ လူစားဝင် တိုက်စစ်မှူး ဖူးလ်ကရက်ဂ်က ပွဲချိန် မိနစ် ၈၀ ကျော်မှာ ချေပဂိုး ပြန်သွင်းပေးခဲ့တာကြောင့် ဂျာမနီရဲ့ ကမ္ဘာ့ဖလား အိပ်မက်က အသက်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျာမနီဟာ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ကော်စတာရီကာကို အနိုင်ကစားဖို့တော့ လိုအပ်နေဆဲပါ။
ဝါဒါဘရီမင် အသင်းမှာ ကစားနေတဲ့ ဖူးလ်ကရက်ဂ်ဟာ ဂျာမနီ ပြင်ပမှာတော့ လူသိနည်းသူ တစ်ယောက်ပါ။ အသက် ၂၉ နှစ် ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ လက်ရွေးစင် ဖြစ်ခွင့်ရလာတာတောင် မကြာလှသေးပါဘူး။ ဖလစ်ခ်က သူဟာ ဖူးလ်ကရက်ဂ်ရဲ့ ဇွဲကောင်းမှုနဲ့ စိတ်ဓာတ် ခိုင်မာမှုကို ကောင်းကောင်း သိထားပြီးဖြစ်ကြောင်း၊ အခုလို အရေးကြီးတဲ့ ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် သူ့အတွက် ပျော်ရွှင်မိကြောင်း၊ စိတ်ထား မှန်မှန်နဲ့ လက်ရွေးစင် အသင်းအတွက် အစွမ်းကုန် ပေးဆပ်နေတဲ့ အတွက်လည်း သူ့ကစားသမားကို ကျေးဇူးတင်ကြောင်း ဖလစ်ခ်က ပြောသွားပါတယ်။
ဖူးလ်ကရက်ဂ်ဟာ အရန်ကစားသမား တစ်ဦးသာ ဖြစ်ပေမယ့် ကော်စတာရီကာနဲ့ ယှဉ်ပြိုင်မယ့် အုပ်စုအပိတ် ပွဲစဉ်မှာ ပွဲထွက်ခွင့် ရကောင်း ရလာနိုင်တယ်လို့လည်း ဖလစ်ခ်က အရိပ်အမြွက် ဆိုပါတယ်။ အသင်းက နိုင်ပွဲ လိုအပ်နေတဲ့ အခါမှာ စိတ်ဓာတ်ပိုင်း ခိုင်မာ အားကောင်းမှုက အရေးတကြီး လိုအပ်ချက် ဖြစ်လာကြောင်း၊ အသင်းမှာ ဖူးလ်ကရက်ဂ် အပါအဝင် ဒီလို အရည်အသွေးမျိုး ပြသနိုင်တဲ့ ကစားသမားတချို့ ရှိနေကြောင်း ဖလစ်ခ်က မှတ်ချက် ပေးသွားပါတယ်။