ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ သမိုင်းတလျှောက်မှာ ပြိုင်ပွဲကနေ အစောဆုံး ထွက်ခွာရတဲ့ အိမ်ရှင်နိုင်ငံအဖြစ် ကာတာက မှတ်တမ်းဆိုးကြီး ပိုင်ဆိုင်သွားခဲ့ပါတယ်။
ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့် ရဖို့ သေချာခဲ့ချိန် ကတည်းက ကာတာ လက်ရွေးစင် အသင်းဟာ ဘက်ပေါင်းစုံ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်တွေ့မှာတော့ အခြေ မလှခဲ့ပါဘူး။ အုပ်စု (A) အဖွင့်ပွဲစဉ်မှာ ကာတာဟာ အီကွေဒေါကို ၂-၀ နဲ့ အရေးနိမ့်ခဲ့သလို ဆီနီဂေါကိုလည်း ၃-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အုပ်စု တစ်ခုစီကနေ၂ သင်းသာ နောက်တစ်ဆင့် တက်မှာ ဖြစ်ပြီး ၁ ပွဲသာ ကစားဖို့ ကျန်တော့တဲ့ အချိန်မှာ ကာတာဟာ မျှော်လင့်ချက်မဲ့ဖို့ သေချာသွားခဲ့ပါတယ်။ ကာတာဟာ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် ၂ ပွဲဆက် အရေးနိမ့်တဲ့ ပထမဆုံး အိမ်ရှင်ဆိုတဲ့ နောက်ထပ် မှတ်တမ်းဆိုး တစ်ခုကိုလည်း ရရှိခဲ့ပြန်ပါတယ်။
အရင်က ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အုပ်စု အဆင့်က ထွက်ခွာရတဲ့ အိမ်ရှင်နိုင်ငံတစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ ၂၀၁၀ ကမ္ဘာ့ဖလားအိမ်ရှင် တောင်အာဖရိကပါ။ ဒါပေမဲ့ အဖွင့်ပွဲစဉ်မှာ မက္ကဆီကိုနဲ့ သရေကျပြီး ပြင်သစ်လို အသင်းမျိုးကိုတောင် အနိုင်ကစားခဲ့တာကြောင့် အုပ်စုက ထွက်ရပေမယ့် ဂုဏ်မငယ်ခဲ့ပါဘူး။
ကာတာဟာ နိုင်ငံအကျယ်အဝန်း၊ လူ့အခွင့်အရေး အခြေအနေ၊ ရာသီဥတု အစရှိတဲ့ နောက်ခံ အခြေအနေတွေကြောင့် ကမ္ဘာ့ဖလား အိမ်ရှင် မဖြစ်ထိုက်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ကြုံနေချိန်မှာ အသင်းရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်ပိုင်းကပါ အလွန်အကျွံ ဆိုးရွားနေခဲ့ပြန်ပါတယ်။
အမေရိကန် တရားရေး ဝန်ကြီးဌာနက ဖီဖာရဲ့ အရာရှိ တချို့ဟာ ကာတာကို ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် မဲပေး ရွေးချယ်ဖို့ လာဘ်ငွေတွေ ယူခဲ့ကြကြောင်း စွပ်စွဲခဲ့ဖူးပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားအတွက် ပြင်ဆင်ခဲ့တဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ ထောင်သောင်းချီ များပြားတဲ့ နိုင်ငံခြား ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ဆိုးရွားတဲ့ ဆက်ဆံမှုမျိုးတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေကလည်း ကာတာရဲ့ အိမ်ရှင်ဖြစ်မှုအပေါ် ပိုပြီး အမည်းစက် စွန်းထင်းစေခဲ့ပါတယ်။