မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက တောင်ကလေးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၂ ဦးအပါအဝင် ၁၀ ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ကျိုက်မရောက်မြို့နယ် တောင်ကလေးကျေးရွာနယ်မြေရဲစခန်းမှာ တပ်စွဲထားတဲ့ ခမရ-၂၀၈ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနှစ်စီးအပါအဝင် မုဒုံမြို့အခြေစိုက်အမြောက်တပ်ရင်းကနေလည်း ကျေးရွာတွေဘက်ကို လက်နက်ကြီးများနဲ့ အဆက်မပျက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီလိုပစ်ခတ်မှုကြောင့် တောင်ကလေးကျေးရွာသားတစ်ဦးနဲ့ တခြားရွာသားတစ်ဦးလက်နက်ကြီးထိမှန် သေဆုံးခဲ့တဲ့အပြင် နောက်ထပ် အသက်မပြည့်သေးတဲ့ ကလေးသူငယ်အပါအဝင် ဒေသခံပြည်သူ ၈ ဦးကလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကလေးရွာသား တဦးက DNA ကို ပြောပါတယ်။
“ရွာမှာ တိုက်ပွဲဖြစ်တာလေ၊ ကျွန်တော်တို့ ပြေးနေရတာ၊ မနက်က ရွာသားတစ်ဦး သေတယ်၊ ဘေးရွာကလည်း တစ်ယောက်သေတယ်၊ နည်းနည်းငြိမ်သွားတဲ့အချိန် ရွာထဲပြန်ဝင်လာတော့ ကလေးတွေလည်း ဒဏ်ရာရထားကြတယ်၊ အကိုသိရသလောက်တော့ ၈ ယောက်လောက်ရှိမယ်။ ဒဏ်ရာရတဲ့သူတွေက၊ ကျန်တာတွေက အများကြီးပါပဲ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေပျက်စီးသွားတယ်’’ လို့ တောင်ကလေးရွာသားတဦးက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုကြားမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားကာ ဆေးကုသမှု ခံယူနေကြတယ်လို့လည်း ဆက်ပြောပြပါတယ်။
စစ်ကောင်စီဘက်ရဲ့တိုက်ခိုက်မှုဟာ မနေ့ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းမှာ ငြိမ်သက်သွားပေမယ့် တိုက်ပွဲအရှိန်ကြောင့် တောင်ကလေးကျေးရွာအပြင် အနီးအနားက မုဒုံ-ကြာအင်းဆိပ်ကြီးလမ်းမကြီးတွေမှာ လမ်းသွားလမ်းလာသူမရှိသလောက် နည်းပါးနေတယ်လို့လည်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲကြောင့် တောင်ကလေးကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံပြည်သူထောင်နဲ့ချီ နီးစပ်ရာ ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ကျေးရွာအတွင်း တိုက်ပွဲထပ်မံဖြစ်ပွားမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီတောင်ကလေးတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိနှစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကာ တိုက်ပွဲအတွင်းကနေ ၆၀ မမ ၁ လက်၊ ငါးကြင်းမြီးစက်ဘက် ၁ လက်၊ M16 ၂ လက်၊ AK ၁ လက်၊ MA3 ၂ လက်၊ G3 ၁ လက်၊ G4 ၁ လက်၊ ၅.၅၆ ကျည် ၁၂၀၀ ၊ နာတိုကျည် ၉၀၀ ၊ ၆၀မမဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်ဘောက် ၁၆ ခု၊ နာတိုပြောင်းပို ၁ ခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F မှ ထုတ်ပြန်ထားပါတယ်။