ရေဦးအနောက်ခြမ်းကရွာတွေကို စစ်ကောင်စီလေကြောင်းက ပစ်ခတ်နေလို့ ဒေသခံထောင်ချီဘေးလွတ်ရာပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်မနက်ပိုင်းကစစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေပြီး ရေဦးနဲ့ ဒီပဲယင်းအစပ်မှာ စစ်အင်အားတိုးချတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနက် ၁၁ ဝန်းကျင်ကစပြီး စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းဟာ ရေဦးနဲ့ တန့်ဆည်အစပ်ကရွာတွေဘက်မှာ လေကြောင်းနဲ့ စစ်အင်အားတိုးချနေတာပြီး ရေဦးအနောက်ခြမ်းက မီးမောင်းကုန်းကျေးရွာနဲ့ ရွာထောင်ရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။

‘’ နှစ်ကြိမ်လာပစ်တာဟုတ်တယ်၊ Mi 35 နှစ်စီးနဲ့ ရေဦး၊ တန့်ဆည်နယ်စပ်ကို ပစ်တယ်၊ အင်အားချတယ်။ အင်အားချပြီးပြန်လာပြီးတော့ ဒီပဲယင်းကိုတစင်း ဆင်းတယ်၊ ဒီပဲယင်းကို တစင်းဆင်းပြီးတော့ မနက်ကအခြေအနေပြောရရင် Mi 35 နဲ့သူတို့ ပစ်ခတ်တိုက်ခိုက်တယ်။ နောက်ပြီးတော့ ရဟတ်ယာဉ် နှစ်စီးနဲ့ လူသယ်ယာဉ်နှစ်စီးနဲ့ လေးခေါက်ပြန်ပြီးတော့ အင်အားချတယ်လို့သိရတယ်’’ လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်တဲ့အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ရွာသားတွေကဆက်ပြောပြပါတယ်။

လက်ရှိမှာတော့ လေကြောင်းပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးအင်အားချတာတွေကြောင့် ရေဦးးမြို့နယ် အနောက်ခြမ်းနဲ့ ဒီပဲယင်းနဲ့ရေဦးးအစပ်က ကျေးရွာတွေဟာ ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရေဦးးမြို့နဲ့ ဒီပဲယင်းမြို့ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေနဲ့ နေအိမ်မီးရှို့တာတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပါ အာဏာသိမ်းကာလတလျောက် လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာဖြစ်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းကျေးရွာကစာသင်ကျောင်းကိုလေကြောင်းတိုက်ခိုက်မှုမှာတော့ စာသင်ကျောင်းထဲမှာရှိနေတဲ့ ကလေးငယ် ၇ ဦးနဲ့ ဒေသခံရွာသား ၆ ဦးးသေဆုံးခဲ့ပါတယ်။

အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပစ်ခတ်မှုတွေဟာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကြောင်း ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြဝေဖန်နေပေမယ့် ရပ်တန့်သွားတာမရှိတာကိုတွေ့ရပါတယ်။