မရမ်းကုန်းမြို့နယ်၊ သမိုင်းကုန်းကျော်တံတားပေါ်ကနေ ဒီကနေ့ နိုဝင်ဘာ (၈) ရက်မနက်ပိုင်းမှာအမျိုးသားတဦး ခုန်ချခဲ့ပြီး အသက်မသေပေမယ့် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အဲဒီပတ်ဝန်းကျင်မှာနေထိုင်သူတချို့က DNA ကိုပြောပါတယ်။
တံတားပေါ်က ခုန်ချတဲ့အမျိုးသားဟာ အသက် (၃၀) ဝန်းကျင်အရွယ်ရှိပြီး တံတားအနီးဝန်းကျင် ရပ်ကွက်က ဒေသခံဟုတ်မဟုတ် အတိအကျမသိရသေးပါဘူး။
“ဒီဝန်းကျင်မှာနေတဲ့သူ မဟုတ်ဘူးလို့လည်း ပြောနေကြတယ်၊ ဒဏ်ရာတော့ပြင်းတယ်လို့ သွားကြည့်တဲ့သူတွေဆီကသိရတယ်” လို့ သမိုင်းကုန်းကျော်တံတားအနီး နေထိုင်သူတဦးက ပြောပါတယ်။
အဲဒီအမျိုးသား ခုန်ချတဲ့တံတားဟာ ရထားသံလမ်းနဲ့ ဗဟိုလမ်းမကို ဖြတ်ကျော်တည်ဆောက်ထားတဲ့တံတား ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း တံတားပေါ်ကနေ ခုန်ချသတ်သေမှုတွေအပါအဝင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ဆက်တိုက်ဖြစ်နေတာပါ။
အောက်တိုဘာလအတွင်းကလည်း သာကေတမြို့နယ်၊ ကမာကြည်တံတားပေါ်ကနေ အမျိုးသမီးတဦး ခုန်ချအဆုံးစီရင်တာအပါအဝင် သာကေတမြိုနယ်တခုတည်းမှာပဲ အဆုံးစီရင်မှု သုံးခုထက်မနည်းရှိခဲ့ပါတယ်။