မလေးရှားနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ပွဲစားနဲ့ချိတ်ဆက်ပြီး ထိုင်းနိုင်ငံကို တရားမဝင်ဖြတ်သန်းခဲ့တဲ့ မြန်မာနိုင်ငံသား ရှစ်ဦးကို အောက်တိုဘာ (၁၁) ရက် သန်းခေါင်ယံမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေ က သတင်းထုတ်ပြန်ပါတယ်။
ဒီအလုပ်သမားတွေကို ဖမ်းမိချိန်မှာ ပွဲစားဖြစ်သူရှိမနေဘဲ အလုပ်သမားတွေကိုသာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက ဆိုပါတယ်။စစ်ဆေးမေးမြန်းမှုတွေအရ အဆိုပါ အလုပ်သမားရှစ်ဦးဟာ ဖမ်းဆီး ရမိတဲ့ တောထဲမှာ ပွဲစားဖြစ်သူကပစ်ထားခဲ့တာ ခံရပြီး နှစ်ရက်တာ အစာရေစာပြတ်လပ်ခဲ့တယ်လို့ သိရပါတယ်။
အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး တဦးပါဝင်တဲ့ ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်ကနေ လာရောက်တာဖြစ်ပြီး ကော့ သောင်းမြို့ကတဆင့် ထိုင်းနိုင်ငံကို ကူးလာကြသူတွေဖြစ်တယ်လို့သိရပါတယ်။
ပွဲစားကို ဘတ်ငွေ ခုနစ်သောင်းပေးခဲ့ရတယ်လို့ သိရပြီး ဘယ်လိုပုံစံနဲ့ပေးချေရတယ်ဆိုတာကိုတော့ အသေး စိတ်မသိရပါဘူး။
စိလာစလတ်လုံခြုံရေးစစ်တပ်ဂိတ်က ထိုင်းစစ်တပ်နဲ့တခြားပူးပေါင်းတပ်ဖွဲ့တွေ ပေါင်းပြီး ကရာ့ဘူရီမြို့နယ်၊ အုပ် စု (၅)၊ ကျော်ပေါ်လော်ကျေးရွာအထဲမှာရှိတဲ့ ဆီအုန်းတောတစ်ခုအတွင်းမှာ တရားမဝင်ဝင်လာ သူတွေရှိနေ တယ် ဆိုတဲ့ သတင်းပေးမှုအရ ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အဲ့ဒီအချက်အရ ထိုင်းအာဏာပိုင်တွေနဲ့ ပွဲစားတွေ ပေါင်းလုပ်နေကြတာဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အခုလဆန်းပိုင်းမှာ ထိုင်းနိုင်ငံကို တရားမဝင်လာရောက်သူတွေ မကြာခဏ အဖမ်းခံနေရပြီး ထိုင်း အာဏာပိုင်တွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံသား (၄၀၀) ကျော် ဖမ်းဆီးခံထားရပါတယ်။