စစ်တပ် တပ်စွဲထားတဲ့ ကျောက်ရစ်စခန်း လုံခြုံရေးဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ

စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ မြိုင်မြို့နယ်ထဲက ကျောက်ရစ်စခန်း လုံခြုံရေးဂိတ်ကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၉ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ ဝင် နှစ်ဦးသေဆုံးသွားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM က ထုတ်ပြန် ပါတယ်။

လုံခြုံရေးဂိတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးရှိတဲ့ အထဲက နှစ်ဦးကို ထမ်းထုတ် သွားရတယ်လို့ အဲ့ဒီထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ကျောက်ရစ်စခန်းက  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညအချိန်တွေမှာ ကျေးရွာတွေကို ဝင်ရောက်မီးရှို့တာ လက် နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်နေတဲ့ အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အခုလိုပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CDSOM တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ပြည်သူတွေက နေ့မှာ အလုပ်လုပ်ပြီး ညမှာ ရွာကနေ ပြေးကြရတယ် ပြည်သူတွေမှာ ညအချိန် အိပ်စက် အနား ယူခွင့်ဆိုတာ မရှိကြရဘူးဗျ၊အဲဒါကြောင့် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ခွေးဂိတ်ရှိတဲ့ နေရာ ကို မိုင်းစစ်ဆင်ရေး လုပ်ဆောင်ရတာဗျ” လို့ ပြောပါတယ်။.

အခုတစ်ကြိမ်တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM ၊Joker GZ နဲ့  အမျိုးသမီး စစ်သည်တော်အဖွဲ့ (မြောင်) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ မိုင်းကိုတော့ အခုစစ်ဆင်ရေးအတွက် အမျိုးသမီးစစ်သည်တော်အဖွဲ့ (မြောင်)က သီးသန့်ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ဆို ပါတယ်။

ဒါ့အပြင် အခုတိုက်ခိုက်မှုအတွက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လေးရက်ကြာ ကြိုတင်ပြင်ဆင်ခဲ့ရပြီး စွန့်စွန့်စားစားလုပ်ဆောင်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။