
နိုင်ငံတကာ ပွဲစဉ်တွေကြောင့် နှစ်ပတ်လောက် ရပ်နားထားရတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေက အခုသီတင်းပတ်ကုန်မှာ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။ ထူးခြားမှုကတော့ အခုသီတင်းပတ်မှာ မြို့ခံပြိုင်ဘက်တွေ ထိပ်တိုက်တွေ့မယ့် ပွဲကြီးပွဲကောင်း ဒါဘီပွဲစဉ်တွေ ၂ ပွဲတောင် ပါနေခြင်းပါပဲ။
အာဆင်နယ် – တော့တင်ဟမ်ဟော့စပါး
လန်ဒန်မြို့ အခြေစိုက် နှစ်သင်းစလုံးက လက်ရှိရာသီမှာ ပုံစံကောင်းတွေ ပြသထားကြပါတယ်။ ပြိုင်ပွဲမှာ ပျမ်းမျှ အသက်အငယ်ဆုံး အစုအဖွဲ့ တစ်ခုကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်ဟာ ရာသီ အစကတည်းက နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီးချိန်မှာ ၆ ပွဲနိုင်ပြီး မန်ချက်စတာ ယူနိုက်တက် တစ်သင်းတည်းကိုသာ ရှုံးထားတဲ့ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်မှုကတော့ ချီးကျူးစရာပါ။ တော့တင်ဟမ်ကလည်း ရှုံးပွဲ မရှိသေးဘဲ ၅ ပွဲနိုင်ပြီး ၂ ပွဲ သရေကျထားတယ်။
အိမ်ကွင်း အမ်းမရိတ်စ်မှာ ကစားမယ့် ပွဲစဉ်မှာတော့ အာဆင်နယ်က စိတ်ဓာတ်ပိုင်း အသာစီး ရနိုင်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်ရဲ့ အဓိက ပြဿနာက ခံစစ်ကြောင်းဟာ မြန်နှုန်းမြင့် တန်ပြန်တိုက်စစ် ဗျူဟာ ပိုင်နိုင်တဲ့ ပြိုင်ဘက်တွေကို ထိန်းချုပ်ရာမှာ အားနည်းတတ်တာပါပဲ။ ဒီအခြေအနေက တော့တင်ဟမ် တိုက်စစ်မှူးတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ ဆွန်တို့အတွက် အခွင့်အရေး ဖြစ်သွားစေနိုင်ပါတယ်။ ကွင်းလယ်မှာ ပါတေး ပြန်ပါလာရင်တော့ အာဆင်နယ်ရဲ့ ခံစစ်က ပိုကျစ်လစ်လာနိုင်ပါတယ်။ အခုပွဲမှာ အာဆင်နယ် မန်နေဂျာ အာတီတာက ဘယ်လို သဘောထားနဲ့ ချဉ်းကပ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ အာဆင်နယ် အားသန်တဲ့အတိုင်း ကွင်းလယ်စည်းနားထိ တစ်သင်းလုံး ရှေ့တက်ပြီး ဖိကစားရင် တော့တင်ဟမ်ရဲ့ တန်ပြန် တိုက်စစ်တွေက ဒုက္ခပေးသွားနိုင်ပါတယ်။ ခြေစွမ်းအရ အာဆင်နယ် ပိုသာသလို ရှိပေမယ့် မန်နေဂျာချင်း ယှဉ်ရင် တော့တင်ဟမ်ရဲ့ ကွန်တီက သမ္ဘာပိုင်းမှာ အများကြီး ပိုရင့်ကျက်ပါတယ်။ ဂိုးတွေ အပြန်အလှန် သွင်းရင်း အာဆင်နယ် ကပ်နိုင်သွားမယ်လို့ ယူဆရပါတယ်။
မန်ချက်စတာ စီးတီး – မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာမြို့ခံ နှစ်သင်းရဲ့ တွေ့ဆုံမှုကလည်း စိတ်လှုပ်ရှားစရာ ပွဲကောင်းတစ်ပွဲပါ။ ပြီးတော့ နှစ်သင်းစလုံးက ရမှတ်တွေ ဆာဆာလောင်လောင် လိုအပ်နေကြပါတယ်။ လက်ရှိ ချန်ပီယံ စီးတီး အနေနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ် ပွဲကျပ်ကြုံနေချိန်မှာ ဒီပွဲကို အနိုင်ကစားဖို့ လိုပါတယ်။ တစ်ဖက်မှာလည်း ဒါဘီပွဲစဉ် ဖြစ်တာကြောင့်ရော၊ လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခြေအနေ ကောင်းဖို့ပါ ယူနိုက်တက်ကလည်း အားသွန်ခွန်စိုက် တုံ့ပြန်ပါလိမ့်မယ်။
စီးတီးမှာ တိုက်စစ်မှူးသစ် ဟာလန်းက အသင်းကို ရောက်ရောက်ချင်း ခြေစွမ်းပြပြီး ဂိုးတွေ တဒိုင်းဒိုင်း သွင်းနေပါတယ်။ ကွင်းလယ်မှာ ဒီဘရိုင်း၊ ဘာနာဒို၊ ဂွမ်ဒိုဂန်၊ ဖိုဒန်၊ မာရက်ဇ်၊ ရိုဒရီတို့လို ထိပ်တန်း ကစားသမားတွေနဲ့ အကောင်းဆုံး စုဖွဲ့ထားတာကြောင့် စီးတီးက ပွဲကို အသာစီးနဲ့ ထိန်းချုပ် ကစားသွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ကတော့ ခံစစ်ပိုင်းမှာ စီးတီးထက် ပိုမာပြီး တန်ပြန်တိုက်စစ် အသားပေး ပုံစံနဲ့ပဲ ပွဲကို ချဉ်းကပ်ပါလိမ့်မယ်။ ယူနိုက်တက် ကွင်းလယ်မှာလည်း အဲရစ်ဆန်၊ မက်တွမ်မနေးနဲ့ ဘရူနိုတို့ ၃ ယောက်လုံးကလည်း ပုံစံကောင်း ရနေပါတယ်။ နောက်ပြီး ယူနိုက်တက် အားထားရတဲ့ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့လို ကစားသမားတွေက လက်ရွေးစင် အသင်းမှာ မပါဝင်ခဲ့တာကြောင့် နားရက်ရပြီး လန်းဆန်းနေတာကို အိမ်ရှင်တွေ သတိထားရပါမယ်။ စီးတီးအတွက် ရှုံးနိမ့်နိုင်ခြေ အတော်နည်းပေမယ့် အနိုင်ရဖို့ ဆိုရင်လည်း အတော်ကြီး အားစိုက်အင်စိုက် ကစားရပါမယ်။ သွင်းဂိုးတွေ များများစားစားတော့ မြင်ရဖွယ် မရှိပါဘူး။
လီဗာပူးလ် – ဘရိုက်တန်
ဒီရာသီမှာ ဘရိုက်တန်ရဲ့ တက်လှမ်းမှုတွေက အတော့်ကို အံ့ဩဖို့ ကောင်းပါတယ်။ အမှတ်ပေးဇယား အဆင့် ၄ နေရာထိ ရောက်ရှိနေပြီး ကစားပုံကလည်း စုစုစည်းစည်းနဲ့ အဆင့်အတန်း မြင့်ပါတယ်။ ဒါပေမဲ့ မန်နေဂျာ ပေါ့တား ထွက်ခွာသွားတဲ့နောက်ပိုင်း အသင်းရဲ့ ကစားဟန်နဲ့ နည်းစနစ်ပိုင်းအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ လီဗာပူးလ်ကတော့ ရာသီအစပိုင်းက ယိမ်းယိုင်မှုတွေကို ကုစားဖို့ နောက်ပိုင်းပွဲတွေမှာ အမှားမခံဘဲ ကစားလာပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ လီဗာပူးလ်ရဲ့ ခြေစွမ်းက အတက်အကျ ကြမ်းလွန်းနေပြီး ခံစစ်ကလည်း အမှားတွေ ရှိနေပါတယ်။ ကွင်းလယ်မှာ သီယာဂို ပြန်ကစားနိုင်ခြင်းက လီဗာပူးလ်ရဲ့ ဟန်ချက်ကို ပိုညီမျှလာစေပြီး ရှေ့အသင်းတွေကို အမီလိုက်ဖို့ ဒီပွဲကို အနိုင်ကစားမှာပါ။ ဘရိုက်တန်ဟာ အဆိပ်ရှိတဲ့ အသင်းကောင်းတစ်ခု ဆိုပေမယ့် အန်းဖီးလ်ကွင်းမှာတော့ အိမ်ရှင်တွေကို အာခံဖို့ မလွယ်ပါဘူး။ လီဗာပူးလ်ပဲ နိုင်သွားပါလိမ့်မယ်။
ခရစ္စတယ်လ်ပဲလေ့စ် – ချဲလ်ဆီး
ဘရိုက်တန်က ပြောင်းရွှေ့လာတဲ့ မန်နေဂျာသစ် ပေါ့တားရဲ့ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ် ပွဲဦးထွက် အတွေ့အကြုံကို ဖြတ်သန်းမှာ ဖြစ်ပါတယ်။ ဘရိုက်တန်မှာလိုပဲ ပေါ့တား အနေနဲ့ ခံစစ်မှူး ၃ ယောက်ထားတဲ့ ကစားကွက်ကို လက်ကိုင်ထားလာနိုင်ပြီး ဒီရာသီ နိုင်ပွဲ ၁ ပွဲသာ ရထားသေးတဲ့ ပဲလေ့စ်ဆီက ရသမျှ ညှစ်ထုတ်ရပါမယ်။ မန်နေဂျာသစ်နဲ့ ချဲလ်ဆီး ကစားသမားတွေ အသားတကျ မဖြစ်သေးဘူး ဆိုရင်တောင် ဒီလိုပွဲမျိုးမှာတော့ အမှတ်တွေ ပြုန်းတီးတာမျိုး လုံးဝ အဖြစ်ခံလို့ မရပါဘူး။ ကြားရက် ကစားတဲ့ လက်ရွေးစင် အသင်းနဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီး တိုက်စစ်သမားတွေဖြစ်တဲ့ မောင့်နဲ့ ဟာဗက်ဇ်တို့ ဂိုးပေါက် ပြန်တွေ့လာကြတာက အသင်းအတွက် အားတက်စရာ ဖြစ်ပါတယ်။ အိမ်ရှင်ဆိုတဲ့ အားသာချက် တစ်ခုသာ ရှိနေတဲ့ ပဲလေ့စ်တို့အတွက် ချယ်လ်ဆီးဆီက သရေ ၁ မှတ် ခွဲယူနိုင်ရင်တောင် ကျေနပ်ရမှာ ဖြစ်ပါတယ်။
အခြားပွဲစဉ်များ
ဖူလ်ဟမ် – နယူးကာဆယ်လ်
ဆောက်သမ်တန် – အဲဗာတန်
ဘွန်းမောက်သ် – ဘရန့်ဖို့ဒ်
ဝက်စ်ဟမ်း – ဝုလ်ဗ်
လိဒ်စ် – ဗီလာ
လက်စတာ – ဖောရက်စ်