ပြိုင်ဘက်နိုင်ငံတွေရဲ့ ကုန်ကြမ်းတွေ မသုံးဖို့ လက်နက် ကန်ထရိုက်တွေကို အမေရိကန် သတိပေး

တရုတ်နဲ့ တခြား ပြိုင်ဘက် နိုင်ငံတွေဆီက ကုန်ကြမ်းတွေကို အသုံးမပြုဖို့ စစ်လက်နက် ကန်ထရိုက်ကုမ္ပဏီတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက တင်းတင်းကျပ်ကျပ် ညွှန်ကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ ခေတ်အမီဆုံး မျိုးဆက်သစ် ဂျက်တိုက်လေယာဉ်တွေဖြစ်တဲ့ F-35တွေ ထုတ်လုပ်ရာမှာ တရုတ်ဆီက ကုန်ကြမ်းပစ္စည်းတစ်မျိုး ရောနှော ပါဝင်နေတာကို စစ်ဆေး တွေ့ရှိတဲ့နောက် အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က အဲဒီလေယာဉ်တွေ မှာယူမှုကို ယာယီဆိုင်းငံ့ခဲ့ပါတယ်။

အဲဒီ ကုန်ကြမ်းပစ္စည်း ပါဝင်မှုဟာ လေယာဉ်ရဲ့ လုံခြုံရေး၊ စွမ်းဆောင်ရည်နဲ့ တခြား အရေးပါတဲ့ အခန်းကဏ္ဍတွေအပေါ် ဘယ်လို သက်ရောက် ထိခိုက်မှုမှ မရှိနိုင်ကြောင်း ပင်တဂွန်က အတည်ပြုပါတယ်။ ဒါပေမဲ့ တရုတ်ဆီက ကုန်ကြမ်းပစ္စည်းကို အမေရိကန် စစ်လက်နက် တစ်ခုမှာ ထည့်သွင်း အသုံးပြုမှုက လုံခြုံရေး စံနှုန်းတွေကို ချိုးဖောက်ရာ ရောက်နေတဲ့အတွက် မှာယူမှုကို ချက်ချင်း ဆိုင်းငံ့ခဲ့တာပါ။

နောက်ပိုင်းမှာတော့ Lockheed Martin ကုမ္ပဏီကလည်း ရေဒါ ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာသုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေမှာ လိုအပ်တဲ့ သတ္တုစပ် ကုန်ကြမ်းကို အစားထိုးဖို့ ရင်းမြစ်အသစ် ရှာတွေခဲ့ကြောင်း ကြေညာပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ရုံးချုပ်လည်းဖြစ်တဲ့ ပင်တဂွန်ဟာ ကာကွယ်ရေးပစ္စည်း မှာယူမှုတွေနဲ့ ပတ်သက်လို့ ကုန်ကြမ်းတွေရဲ့ မူလရင်းမြစ်တွေ ဖော်ထုတ်စုံစမ်းမှုကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ သိသိသာသာ ပိုမို အာရုံစိုက်လာပါတယ်။ ပင်တဂွန်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ စစ်တပ်အတွက် မှာယူသမျှ ကာကွယ်ရေး ပစ္စည်းနဲ့ စစ်လက်နက် အားလုံးဟာ အမေရိကန်၊ ဒါမှမဟုတ် ယုံကြည် စိတ်ချထိုက်တဲ့ အရင်းအမြစ်ကနေ မှာယူထားတာ ဖြစ်ရပါမယ်။

F-35 လေယာဉ်တွေ မှာယူမှု ယာယီဆိုင်းငံ့ခဲ့တဲ့ ဖြစ်စဉ် အပြီးမှာတော့ ပင်တဂွန်ဟာ စစ်လက်နက် ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေ အားလုံးကို ဒီလို ပြဿနာမျိုးနဲ့ ပတ်သက်လို့ အလေးအနက် အာရုံစိုက်ကြဖို့ ထပ်မံ ဖိအားပေးလိုက်တာ ဖြစ်ပါတယ်။

F-35တွေမှာ ပါရှိခဲ့တဲ့ တရုတ်ဖြစ် သတ္တုစပ်ဟာ လေယာဉ်ရဲ့ တာဘိုကိရိယာ အဆို့တွေမှာ တပ်ထားတဲ့ သံလိုက်တစ်မျိုး ဖြစ်ပါတယ်။ ဒါတောင်မှ သံလိုက်မှာ ပါဝင်တဲ့ သတ္တုစပ်တွေထဲက အစိတ်အပိုင်း တစ်ခုလောက်ကိုသာ တရုတ် ကုမ္ပဏီ တစ်ခုက ထုတ်လုပ်တာပါ။ ဒါပေမဲ့ ပင်တဂွန်ကတော့ ဒီကိစ္စမျိုးမှာ ဘယ်လို ခြွင်းချက်မှ ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေမှာ စတင် အမှုထမ်းနေပြီဖြစ်တဲ့ F-35 တိုက်လေယာဉ်တွေကတော့ ဒီကိစ္စကြောင့် ဘယ်လို ပြဿနာ တစ်စုံတရာမှ ရှိမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ F-35တွေဟာ အမေရိကန်ရဲ့ နည်းပညာ အမြင့်ဆုံး စစ်လက်နက် တစ်မျိုးဖြစ်ပြီး ပြိုင်ဘက် နိုင်ငံတွေ လက်ထဲ နည်းပညာ ပေါက်ကြားမသွားအောင် အထူးတလည် ကြပ်မတ် စောင့်ကြည့်ထားပါတယ်။

Ref: Fox News