တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်သုံးရက်ကြာ ငြိမ်သက်နေခဲ့တဲ့ မိုးဗြဲမြို့မှာ ဒီနေ့ စစ်တပ်ကစစ်ကြောင်း ပြန်ရောက် လာပြီး မြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ မိုးဗြဲ PDF က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဝှာရီဆူးပလိုင်ကျေးရွာနဲ့ မိုးဗြဲမြို့ကြားရထားလမ်းမှာရောက်နေပြီး အဲ့ဒီကနေ မြို့ ထဲကို လက်နက်ကြီးနဲ့ရမ်သမ်းပစ်ခတ်နေတာဖြစ်တယ်လို့ဆိုပါတယ်။ဒီလို ပစ်ခတ်နေတာကြောင့် ပြည်သူတွေ အနေနဲ့ မိုးဗြဲလမ်းမကိုအသုံးမပြုဖို့နဲ့ လုံခြုံတဲ့နေရာတွေမှာနေကြဖို့လည်း မိုးဗြဲPDF က သတိပေးထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စက်တင်ဘာ ၈ရက်ကနေ ၁၁ရက်အထိ လေးရက်ကြာ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။
ဝှာရီဆူးပလိုင်ကျေးရွာဘက် စစ်ကောင်စီစစ်ကြောင်း ထိုးတာကနေ အစပြုခဲ့တဲ့ အဲ့ဒီတိုက်ပွဲအတွင်း စစ်တပ်က အထိနာပြီး ၆၀ဝန်းကျင်လောက်သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးးတပ်တွေက ဆိုထားပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးလေကြောင်းတွေအသုံးပြုတိုက်ခိုက်ခဲ့ပေမယ့် စက်တင်ဘာ (၁၂) ရက် မနက်အစောပိုင်းမှာတော့စစ်ကောင်စီတပ်တွေ မြို့တွင်းက ပြန်ဆုတ်ခွာသွားလို့ တိုက်ပွဲတွေငြိမ်သက်နေခဲ့တာပါ။
ဒီကနေ့ မိုးဗြဲမြို့အနီးပြန်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းမှာ အင်အားဘယ်လောက်ပါဝင်လာတယ်ဆိုတာနဲ့ လက်ရှိ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ ရှိမရှိဆိုတဲ့ အခြေအနေကိုတော့ မိုးဗြဲPDF နဲ့အဆက်အသွယ်မရသေးတဲ့ အ တွက် မသိရသေးပါဘူး။