အဘနှင့် သူ၏ အဖြူရောင်အနုပညာရှင်များ

 

(မအလ – ဇော်မဲလုံး နှစ်ပါးခွင်)

ဘဲဥပုံစားပွဲအရှည် ခင်းကျင်းထားသော အစည်းအဝေးခန်းအတွင်းသို့ ဇော်မဲလုံးတစ်ယောက် ခပ်သုတ်သုတ် ဝင်ရောက်လာပြန်သည်။

 

ဒီတစ်ကြိမ်တွင်လည်း စားပွဲဝိုင်းထိပ်ထိုင်ခုံ၌ မတ်တပ်ရပ်နေသည်လား၊ ထိုင်နေသည်လား မသဲကွဲသည့် ဗိုလ်ချုပ် မှူးကြီးမအလ ရှိနေသည်။

 

“အဘ”

 

အနှီသတ်ချုပ်ရှေ့ရောက်သည်နှင့် သတိဆွဲအလေးပြုကာ ဇော်မဲလုံးက အထက်ပါအတိုင်း ရင်ခေါင်းသံဖြင့် ခေါ်လိုက်သည်။

 

“ဟဲ့ သောက်ပလုတ်တုတ်။ လန့်ထှာဟယ်။ ညည်းကလည်း ဖြည်းဖြည်းလုပ်ပါ”

 

ဗိုလ်ချုပ်မှူးကြီးမအလမှာ ရုရှားခရီးစဉ်အား စားမြုံ့ပြန် အတွေးလွန်နေသည်ထင်၏။ ကျောက်စိမ်းလက်ကောက် လက်ဆောင်ပေးခဲ့သော ရုရှားမလေးထံ စိတ်ရောက်နေခြင်းဖြစ်လိမ့်မည်။

 

“အဘ အတွေးလွန်နေတာ မသိလိုက်လို့ပါ။ ဒါနဲ့ အဘ ပူတာအိုကို ခုထိမရောက်သေးဘူးလား”

 

“ဟေ ငါ့ဟာငါ ရောက်ရောက် မရောက်ရောက် မင်းအပူပါလား”

 

“သိဘူးလေ။ ဟိုတစ်ခေါက်တွေ့တုန်းက အဘပြောခဲ့တဲ့စကား ပြန်အမှတ်ရမိလို့ပါ။ ‘ငါတောင် ပူတာအို မသွားရဲလို့ ဒီထဲရှိနေတာ’ဆိုတဲ့စကားလေ”

 

“ဟ…ပူတာအိုမရောက်ပေမယ့် ရုရှားတော့ ရောက်ပါသေးတယ်။ အခုတင်ပြန်ရောက်လို့ အခုပဲ ဒီအခန်းထဲ ဝင်လာတာ။ ဟိုကောင်တွေတော့ ဒေါ်လာရှာမရကြသေးလို့ ပြန်မရောက်ကြသေးဘူး”

 

အစည်းအဝေးခန်းအတွင်း ကောင်စီဝင်များ ရှိမနေခြင်းနှင့်ပတ်သက်၍လည်း ဗိုလ်ချုပ်မှူးကြီးမအလက ဇော်မဲလုံး မမေးမီတစ်ဆက်တည်း ဖြေလိုက်သည်။

 

“ဒါနဲ့ ရန်ကုန် – မန္တလေးအမြန်လမ်းမှာ လျှပ်စစ်ကားတွေ အားသွင်းဖို့ Charging Station ငါးခု ဆောက်မယ်လို့ အဘက သတင်းထုတ်ခိုင်းဆို”

 

“အေး ဟုတ်တယ်လေ”

 

“အာ့ ဘယ်က လျှပ်စစ်နဲ့ အားသွင်းမှာလဲ အဘရဲ့။ ခုတောင် ဒီမှာ လျှပ်စစ်မလုံလောက်လို့ နေ့တိုင်း နေရာတိုင်း ကနေ အဆဲခံနေရတဲ့ဟာကို”

 

“ဟ…အဲ့သဟာဆိုလည်း မီးစက်မောင်းပြီး သွင်းပေးပေါ့ကွ။ ငါကတော့ လျှပ်စစ်ကားတွေ ထုတ်မယ်ပြောထားတဲ့ အတိုင်း လုပ်ရမှာပဲ”

 

“အာ့ မီးစက်ကိုရော ဘယ်က ဆီနဲ့ မောင်းရမှာလဲ အဘရဲ့”

 

“ဟ…မင်းပြောထားတဲ့ ရုရှားကဆီတွေနဲ့ မောင်းသွင်းပေါ့ဟ”

 

“အာ့ဆိုရင်တော့ စိတ်အေးရပါပြီ အဘ”

 

“အေး အဲ့လိုလည်း အရှည်တွေးဟ။ မျက်တောင် တစ်ဆုံးပဲ မကြည့်နဲ့”

 

“စိတ်အေးရပြီဆိုတာ တခြားကြောင့် မဟုတ်ဘူး အဘရေ။ အဲဒီရုရှားက ဆီဆိုတာလည်း ကျွန်တော့်ပါးစပ်ထဲ ရှိတာ လျှောက်ပြောထားတာ။ တကယ်က မလာဘူးရယ်။ ဒီတော့ အဘရဲ့ လျှပ်စစ်ကားတွေ၊ လျှပ်စစ်အားသွင်း နေရာ တွေဆိုတာလည်း အဘပါးစပ်နဲ့ အဘလျှောက်ပြောတာမို့ အကောင်အထည်မပေါ်လည်း ကိစ္စမရှိတော့ဘူး။ အာ့ကြောင့် စိတ်အေးရပြီလို့ပြောတာ”

 

“အာ့လိုလား။ ဒါဖြင့်လည်း အခုလာရင်းကိစ္စကိုသာ ပြောတော့”

 

ဗိုလ်ချုပ်မှူးကြီးမအလ စကားဆုံးသည်နှင့် ဇော်မဲလုံးက သူ့လာရင်းအကြောင်းအရာကို ဖွင့်ဟသည်။

 

“ပြီးခဲ့တဲ့အခေါက်တွေ့တုန်းက ကွမ်းသီးငုံ ရက်(၄၀) ဇာတ်ကားရိုက်မယ် ပြောထားလို့ အဲဒါသရုပ်ဆောင်ချင်တဲ့ သူတွေကိုပါ ခေါ်ပြီး အဘဆီ လာတွေ့တာပါ။ အဘကိုယ်တိုင် စိတ်ကြိုက် လူရွေးလို့ရအောင်လို့ပါ”

 

ဇော်မဲလုံးက ပြောပြောဆိုဆို သူ့အနောက်မှ တန်းစီလိုက်ပါလာသူများဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

 

“ဟဲ့…အာ့တွေက ဘာတွေလား။ ငါးထောင်စားတွေ ခေါ်လာတာလား”

 

“အာ မဟုတ်ရပါဘူး။ အဲဒါတွေက အဘကို မြှောက်ထိုးပင့်ကော်လုပ်ကြတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ပါပဲ။ အဖြူရောင် အနုပညာရှင်တွေလို့ခေါ်ပါတယ် အဘ။ အဲ့ထဲမှာ ဟိုတလောကမှ ကပြသွားတဲ့ ‘တံခါးမှူးဒတ္ထ’ စီစဉ်သူနဲ့ သရုပ်ဆောင်တွေလည်း ပါပါတယ်”

 

ဇော်မဲလုံး၏ စကားဆုံးသည်နှင့် ဗိုလ်ချုပ်မှူးကြီးမအလက လူတန်းရှည်ကြီးဘက်သို့ စူးစိုက်ကြည့်ပြန်သည်။

 

“ခေါ်လာခဲ့ဖို့ ငါပြောထားတဲ့ ပန်းချီစိုးမိုးကိုလည်း မတွေ့ပါလား”

 

“ဟုတ်ကဲ့ပါအဘ။ သူ့ကို ရှာမတွေ့လို့ တွေ့တဲ့လူပဲ ခေါ်လာခဲ့ပါတယ် အဘ”

 

“ဘယ်သူများလဲ ပြောစမ်းပါဦး”

 

“သူလည်း ဇာတ်ကားတွေ ရိုက်တတ်ပါတယ် အဘ။ သူ့နာမည်က ဆိတ်ဟဝှာလို့ ခေါ်ပါတယ်။ အဘ သိတယ် မဟုတ်လား”

 

ဇော်မဲလုံးစကားဆုံးသည်နှင့် ကြမ်းပြင်ပေါ် ခွေလျက်သားလဲကျသွားတော့သည်။ အကြောင်းမူကား ထုံးစံအတိုင်း ဗိုလ်ချုပ်မှူးကြီးမအလ၏ စောင့်ကန်ခြင်းခံလိုက်ရသောကြောင့်ဖြစ်၏။

 

“ဒင်းကို ငါမသိဘဲနေမလားဟ။ တလောလေးတင်ကမှ ငါဖြုတ်ထုတ်သတ်လုပ်ထားတဲ့ ကောင်ပဲဟာ။ အဲဒါ နင်မသိဘူးလား။ ဘာကိစ္စ ငါ့ရှေ့ခေါ်လာရတာတုန်း”

 

“နို့ သားမှ မသိတာ။ သူလည်း ဝါဒမှိုင်းကို မီးပုံးပျံလွှတ်လို့ရတဲ့အထိ တိုက်နိုင်လွန်းသူ ဆရာ့ဆရာကြီးလို့ဆိုကြလို့ သားလည်း ခေါ်လာခဲ့မိတာလေးကို”

 

ဇော်မဲလုံးမှာ မျက်နှာမရ ခြေထောက်ရဆိုသည့်အတိုင်း ဗိုလ်ချုပ်မှူးကြီးမအလ၏ ကန်ခြင်းကို ခံလိုက်ရသဖြင့် မျက်နှာအောက်ချ မျက်လုံးပေကလပ် ပေကလပ်လုပ်နေတော့သည်။ ဗိုလ်ချုပ်မှူးကြီးမအလကပင် စကားစသည်။

 

“နို့…နေပါဦး။ သူတို့လက်ထဲမှာကိုင်လာကြတာ ဘာတွေလဲ”

 

“အဲဒါ စာရွက်လိပ်ပါ အဘ။ အဖြူရောင်အနုပညာရှင်တွေက အဖြူရောင်ဘဘကြီးကို တိုင်ဖို့ ရေးလာတဲ့ စာပါ”

 

“ဘယ်သူက ဘာလုပ်လို့ တိုင်ကြမှာလဲ”

 

“သူတို့ကို ကျော်ကျော်ဌေးလွင်က အလုပ်လုပ်မရအောင် ဆူနေ၊ ပြောနေလို့ အဲဒါ အဘက အရေးယူပေးဖို့ တိုင်တဲ့ စာပါ အဘ”

 

“ဟေ…ကျော်ကျော်ဌေးလွင်ဆိုတာ ဘယ်သူတုန်း”

 

ဒီတစ်ကြိမ်တော့ ဗိုလ်ချုပ်မှူးကြီးမအလစကားဆုံးသည်နှင့် ကြမ်းပြင်ပေါ် ခွေလျက်သား လဲကျ သွားတော့သည်။ အကြောင်းမူကား တပည့်ကျော်ဇော်မဲလုံး၏ စောင့်ကန်ခြင်း ခံလိုက်ရသောကြောင့် ဖြစ်၏။

 

“အဲဒါလေးတောင် မသိဘူးလား အဘရာ။ ကျော်ကျော်ဌေးလွင်ဆိုတာ ကျားပေါက်ကို ပြောတာဗျ”

 

ဒီတစ်ခါ ကြမ်းပြင်ပေါ်လဲကျသွားသူက ဇော်မဲလုံးဖြစ်၏။ အကြောင်းမူကား ဗိုလ်ချုပ်မှူးကြီးမအလ၏ စောင့်ကန် ခြင်းခံလိုက်ရသောကြောင့်ဖြစ်၏။

 

“ဘယ်ကသာ ကျော်ကျော်ဌေးလွင်ဆိုတာ ဟန်ထူးလွင်ရဲ့ အိမ်နာမည်ဟ”

 

ဗိုလ်ချုပ်မှူးကြီးမအလစကားဆုံးသည်နှင့် ကြမ်းပြင်ပေါ် ဒုတိယမ္ပိခွေကျသွားပြန်သည်။ အကြောင်းမူကား တပည့်ကျော် ဇော်မဲလုံး၏ ဒုတိယမ္ပိစောင့်ကန်ခြင်းခံလိုက်ရသောကြောင့်ဖြစ်၏။

 

“အ,လိုက်၊ ညံ့လိုက်၊ တုန်းလိုက်ပါဘိ အဘရာ။ အဘထက် အ,တဲ့သူ၊ အဘထက် ညံ့တဲ့သူ၊ အဘထက် တုန်းတဲ့သူ ဒီဇမ္ဗူမှာ ရှိသေးရဲ့လားလို့တောင် မေးရမလိုပဲ။ ဒါကြောင့်လည်း (၃၄) ပါတီက ဆီပုလင်းခါးချိတ်ပြီး အင်း… ဟင်း…ဟင်း။ မသေမချင်းမှတ်ထား ဟန်ထူးလွင်ဆိုတာ မင်းမော်ကွန်းကို ပြောတာ။ မှတ်…မှတ်…သေတဲ့ အထိမှတ်”

 

ဇော်မဲလုံးစကားဆုံးသည်နှင့် ကြမ်းပြင်ပေါ် ပစ်လဲကျသွားပြန်သည်။

 

“မင်းပဲ မှတ်ရမှာ ကျော်ကျော်ဌေးလွင်ဆိုတာ …. ဘလာ … ဘလာ …ဘလာ”

 

“ဂွက်”

 

“အဘပဲ မှတ်ရမှာ ကျော်ကျော်ဌေးလွင်ဆိုတာ …. ဘလာ … ဘလာ …ဘလာ”

 

“ဒုတ်”

 

“မင်းပဲ မှတ်ရမှာ ကျော်ကျော်ဌေးလွင်ဆိုတာ …. ဘလာ … ဘလာ …ဘလာ”

 

“အင့်”

 

“အဘပဲ မှတ်ရမှာ ကျော်ကျော်ဌေးလွင်ဆိုတာ …. ဘလာ … ဘလာ …ဘလာ”

 

“အို့”

 

ဗိုလ်ချုပ်မှူးကြီးမအလနှင့် ဇော်မဲလုံးတို့ ဆရာတပည့် တစ်ယောက်နှင့်တစ်ယောက် ကန်ရင်းကျောက်ရင်း သတ် ရင်းဖြတ်ရင်း၊ တိုက်ရင်းခိုက်ရင်း ကျော်ကျော်ဌေးလွင် အငြင်းပွားခန်းကြီးဖွင့်နေကြသည်ကို ကြည့်လျက် အသည်း နုသော အဖြူရောင်အနုပညာရှင်လေးတစ်သိုက်မှာ တိုင်စာစာရွက်လေးများကိုင်လျက် အဘနှစ်ဘကြား ဖုတ်လှိုက် ဖုတ်လှိုက်ဖြင့် အသက်ကို လုကာ လုကာ ရှူနေကြရရှာတော့သည်။     

 

(မှတ်ချက် – ယခုသရော်စာထဲတွင်ဖော်ပြခဲ့သော ‘ကွမ်းသီးငုံ ရက်(၄၀)’ သရော်စာအား DNA သတင်းဌာနတွင်ပင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ စာရေးသူ)

 

ကိုရင်နွေဦး