အငြင်းပွားဖွယ် နယ်စပ်ဧရိယာကနေ အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံတပ်တွေ ဆုတ်ခွာမယ်

Photo – Google

ဟိမဝန္တာအနောက်ဘက်နယ်စပ်က အငြင်းပွားဖွယ် ဧရိယာမှာ တပ်စွဲထားတဲ့ အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံ စစ်သားတွေဟာ စက်တင်ဘာ ၁၂ ရက်မှာ ပြန်လည်ဆုတ်ခွာကြမယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၉ရက် မှာ ပြောခဲ့ပါတယ်။

နယ်စပ်ဒေသမှာတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီး နှစ်နှစ်ကျော်ကြာ တပ်စွဲထားပြီးတဲ့နောက် ခုလို ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိတွေကြား အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ရတယ်လို့ သိရပါတယ်။ 

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အာရှ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့ဟာ ၁၉၆၂ ခုနှစ်က သူတို့ရဲ့ နယ်စပ်တွေမှာ စစ်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာတာကို ရှောင်ရှားဖို့ အခုလို လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

အိန္ဒိယနဲ့ တရုတ်စစ်သားတွေက ဟိမဝန္တာအနောက်ဘက် Ladakh ဒေသရှိ Gogra ရေပူစမ်း နယ်မြေကနေ စက်တင်ဘာ ၈ရက်က စတင်ဆုတ်ခွာနေတာဖြစ်ပြီး လာမယ့် သီတင်းပတ် အစောပိုင်းလောက်မှာတော့ အပြီးသတ်ရွေ့ပြောင်းမယ်လို့  အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။

“နှစ်ဖက်တပ်တွေ အဲဒီနယ်မြေမှာ ဖြန့်ကျက်ချထားတာကို အဆင့်ဆင့် ညှိနှိုင်းပြီး အတည်ပြုတဲ့နည်းလမ်းနဲ့ ရပ်ဆိုင်းဖို့ သဘောတူညီခဲ့ကြတာပါ၊ အဲဒါကြောင့် နှစ်ဖက်တပ်တွေက သက်ဆိုင်ရာနယ်မြေတွေကို ပြန်လည်ရောက်ရှိသွားမယ်” လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သဘောတူညီချက်အရ နှစ်ဖက်တပ်တွေ စိုက်ထူထားတဲ့ ဧရိယာအတွင်းမှာရှိတဲ့ ယာယီအဆောက်အအုံ အားလုံးကိုလည်း ဖျက်သိမ်းသွားမယ်လို့လည်း သိရပါတယ်။