တောင်ကိုရီးယားနိုင်ငံကို Hinamnor လို့အမည်ရတဲ့ အင်အားပြင်းတိုင်ဖွန်း ဝင်ရောက်တိုက်ခတ်ခဲ့ တာကြောင့် လူတဦးသေဆုံးပြီး ကိုးဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အစောပိုင်းသတင်းပေးပို့ချက်တွေအရ အဲ့ဒီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လက်ရှိ မှာတော့ ပင်လယ်ထဲကို ဦးတည်သွားတယ်လို့ ဆိုပါတယ်။
Hinamnor တိုင်ဖွန်းမုန်တိုင်းဟာ တောင်ကိုရီးယားနိုင်ငံမှာ ဆယ်စုနှစ်အတွင်း အင်အား အပြင်းဆုံးမုန်တိုင်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်းက ဂျယ်ဂျူးကျွန်းကို ညသန်းခေါင်ယံအချိန် တိုက်ခတ်ပြီးနောက် အနီးက ဘူဆန်ဆိပ်ကမ်းမြို့ဆီကို ကုန်းတွင်းပိုင်းဝင်ရောက်ခဲ့တာပါ။
မုန်တိုင်းတိုက်ခတ်နေချိန်အတွင်း ကမ်းခြေတစ်လျှောက် ဧရာမလှိုင်းလုံးတွေ ဖြစ်ပေါ်ကာ မိုးသည်းထန်စွာရွာခဲ့ပြီး ကမ်းခြေအနီးက လမ်းနဲ့ ဆိုင်တွေပျက်စီးခဲ့ပါတယ်။
မုန်တိုင်းမဝင်ရောက်မီကတည်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာသင်ကျောင်း ခြောက်ရာကျော်နဲ့ လေကြောင်းခရီးစဉ် ၂၅၀ကို ရပ်နားထားခဲ့ပါတယ်။ လက်ရှိမှာတော့ အဲ့ဒီမုန်တိုင်းဟာ အိမ်နီးချင်း ဂျပန်နိုင်ငံကိုဦးတည်သွားနေတယ်လို့ မိုးလေဝသထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တိုင်ဖွန်းမုန်တိုင်းပြီးနောက် လူပေါင်း သုံးထောင့်လေးရာကျော်ကိုအရေးပေါ်ကယ်ဆယ်ရေးတွေလုပ် ဆောင်ထားတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေကဆိုပါတယ်။
Daewoo Shipbuilding and Marine Engineering ကုမ္ပဏီရဲ့ လုပ်ငန်းတွေကိုတော့ ဒီကနေ့မနက်မှာ ရပ်ဆိုင်းထားခဲ့ရပြီး သင်္ဘောကျင်းမှာတော့ ထိခိုက်မှုတစ်စုံ တစ်ရာမရှိဘူးလို့ ကုမ္ပဏီရဲ့ပြောရေးဆို ခွင့်ရှိသူက ဆိုပါတယ်။
Hyundai Heavy သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေကတော့ ဒီကနေ့နေ့လည်ထိ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ် ။ အဲ့ဒီရေကြောင်းကုမ္ပဏီကြီးတွေရဲ့ သင်္ဘောကျင်းနှစ်ခုစလုံးဟာ မုန်တိုင်းလမ်းကြောင်းအနီးမှာ တည်ရှိခဲ့တာ ဖြစ်ပါတယ်။