ရုရှားက သဘာဝဓါတ်ငွေ့ပိုက်လိုင်းပိတ်လိုက်ပြီးနောက် ဥရောပမှာ တရှိန်ထိုး ဈေးမြင့်တက်

Photo – Reuters

ဥရောပတိုက်ကိုပို့လွှတ်နေတဲ့  သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို ရက်အကန့်မသတ်မရှိပိတ်ထားမယ်လို့ ရှရှားကကြေညာပြီးနောက် ဥရောပတိုက်အတွင်း သဘာဝဓါတ်ငွေ့ဈေးနှုန်းတွေ စက်တင်ဘာလ ၅ရက်နေ့မှာ သုံးဆယ်ရာခိုင်နှုန်းထိ တဟုန်ထိုး တက်သွားခဲ့ပါတယ်။ 

ဒါ့ကြောင့် ဥရောပနိုင်ငံရဲ့ အခုနှစ်ဆောင်းရာသီမှာ ဓါတ်ငွေ့ပြတ်လပ်ပြီး မလုံလောက်မှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။  

ရုရှားဓါတ်ငွေ့ပိုက်လိုင်း Nord Stream 1 ကို ပြန်လည်ပြုပြင်ဖို့ သုံးရက်ကြာပိတ်ထားမယ်လို့ ကနဦး ကြေညာပြီး သောကြာနေ့မနက် ဈေးဖွင့်ချိန်မှာ သဘာဝဓါတ်ငွေ့ဈေးနှုန်းဟာ တနာရီကို မက်ဂါဝက် ၂၇၂ယူရိုထိ မြင့်တက်လာတာပါ။

နယ်သာလန်အခြေစိုက် ဓါတ်ငွေ့ကုန်သွယ်ရေးအဖွဲ့ Dutch TTFရဲ့  ဈေးကွက်အချက်အလက်တွေ အရ ပေါက်ဈေး ယူရို ၂၅၆ ဖြစ်ပြီး ဒါဟာ တစ်နှစ်ကျော်ကာလအတွင်း  ၄၀၀ရာခိုင်နှုန်းနီးပါး တက်လာခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ငွေ့ပိုက်လိုင်း မပိတ်မီ ဒီနှစ်အတွင်း ဈေးနှုန်းမြင့်တက်တဲ့ ရိုက်ခတ်မှုကြောင့် သုံးစွဲသူတွေနဲ့ တချို့စက်မှုလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတဲ့အထိ အခြေအနေရှိခဲ့ပါတယ်။ 

Nord Stream 1 ပိုက်လိုင်းကနေ ရုရားရဲ့ သဘာဝဓါတ်ငွေ့ သုံးပုံတစ်ပုံကို ဥရောပကို ပို့နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ပိုက်လိုင်း မပိတ်ခင်အထိ ၂၀ရာခိုင်နှုန်း လည်ပတ်နေတာ ဖြစ်ပါတယ်။

ယူကရိန်းကနေတဆင့် ရုရှား သဘာဝဓာတ်ငွေ့တွေပေးပို့တဲ့ နောက်ထပ်လမ်းကြောင်းတခုကိုလည်း မော်စကိုအစိုးရက လျော့ချလိုက်တာကြောင့် ဆောင်းရာသီအတွက် သဘာဝဓာတ်ငွေ့သိုလှောင်ဖို့ ဥရောပအနေနဲ့ နည်းလမ်းပေါင်းစုံကြိုးစားနေတယ်လို့ သိရပါတယ်။ 

ဥရောပနိုင်ငံအချို့မှာတော့ အရေးပေါ်အစီအစဉ်တွေလုပ်ဆောင်နေပြီး ဒါဟာ စွမ်းအင်ခွဲတမ်းစနစ်နဲ့ပေးတာနဲ့ စီးပွားရေးကျဆင်းနိုင်တဲ့  အလားအလာတွေ ရှိနေပါတယ်။

“သဘာဝဓါတ်ငွေ့ရရှိဖို့က ခက်ပါတယ်၊ ရုရှားက ဓါတ်ငွေ့မတင်ပို့ရင် အစားထိုးဖို့က ပိုခက်ခဲလာပါတယ်” လို့ Aurora Energy Research ရဲ့အကြီးတန်းတွဲဖက် Jacob Mandel ကပြောခဲ့ပါတယ်။