မြဝတီ – ကော့ကရိတ် အာရှလမ်းပေါ် ဖြတ်သန်းလာသမျှ ယာဉ်တွေကို စစ်ကောင်စီလက်အောက်ခံ နယ်ခြား စောင့်ကာကွယ်တပ်(BGF) နဲ့ ရဲတွေက ဂိတ်ထိုးပြီး ခြိမ်းခြောက်ငွေတောင်းနေတယ်လို့ ကိုယ် တိုင်ကြုံခဲ့ရသူ တွေက DNA ကိုပြောပါတယ်။
“မပေးရင် ကားကို မီးရှို့မယ်ဆိုပြီးခြိမ်းခြောက်တယ်၊ ဓားနဲ့ ထိုးမယ်ဆိုပြီးလည်းခြိမ်းခြောက်တယ်၊ ပိုက်ဆံမရှိဘူး ဆိုပြီးတောင်းပန်လည်းမရဘူး၊ တောနော်ရေတံခွန်နား နောက်ဆုံးဂိတ်ကပိုဆိုးတယ်” လို့ ဘားအံ -မြဝတီ ကား မောင်းနေသူတစ်ဦးကပြောပါတယ်။
အဲ့ဒီလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တားဆီးပြီးငွေတောင်းခံတဲ့ဂိတ်တွေဟာာ မြ၀တီမြို့နဲ့ကော့ကရိတ်မြို့ ကြား မှာ စုစုပေါင်း ၇ခုလောက်ရှိပြီး ခရီးတင်ယာဉ်တစီးအနည်းဆုံးကျပ်ငါးရာနဲ့ ကုန်တင်ယာဉ်တွေကိုတော့ အနည်းဆုံး ကျပ်ငါးထောင်လောက် ဂိတ်တိုင်းမှာပေးရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
“တစ်ချို့ကုန်အများကြီးတင်လာတဲ့ကားဆိုရင် ရှစ်ထောင်ကနေ တသောင်းအထိပေးရတယ်၊ ပိုက်ဆံမရှိ ဘူး ပြောရင် ဓားနဲ့မထိတထိထိုးတာတွေ၊ လက်သီးနဲ့ထိုးတာတွေရှိတယ်၊ခုနဂိတ်လောက်ရှိပြီး ဖြတ်သမျှဂိတ်တွေ အကုန်ပေး ရတော့ တောင်ခြေအရောက်ဆို ၁သိန်းနီးပါးကုန်တယ်”လို့ ကုန်တင်ယာဉ်မောင်းတဦး ကပြောပါ တယ်။
အာရှလမ်းပေါ်မှာ အရင်က အခုလို ငွေကောက်ခံတာတွေမရှိခဲ့ဘဲ ဩဂုတ် ၁၆ရက် ကော့ကရိတ် တိုက်ပွဲဖြစ် ပြီး နောက်ပိုင်းမှ အခုလိုလုပ်လာတာလို့ သိရပါတယ်။စက်သုံးဆီဈေးတွေတက်လာတဲ့အပြင်အခုလို ဂိတ်ထိုးပြီး ပိုက်ဆံတောင်းနေတာကြောင့် လမ်းအသုံးပြုသူတွေအနေနဲ့ အခက်ကြုံနေရတယ်လို့ဆိုပါတယ်။