လူနေမှုစရိတ်အကျပ်အတည်းကြောင့် လူသန်း ၇၀ကျော် ဆင်းရဲတွင်း ကျဆင်းသွားတယ်လို့ UNDP ပြောကြား

Photo – Google

ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာပြီး လူနေမှုစရိတ်အကျပ်အတည်းဖြစ်လာတာဟာ ၂၀၂၂ ခုနှစ် မတ်လကစပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူဦးရေ ၇၁ သန်းကို ဆင်းရဲတွင်းထဲ တွန်းပို့ခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က ဇူလိုင်လ ၇ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ  သတိပေးလိုက်ပါတယ်။

ငွေကြေးဖောင်းပွမှု မြင့်မားလာတဲ့နဲ့အမျှ အတိုးနှုန်းကလည်း မြင့်တက်လာနိုင်ဖွယ်ရှိပြီး ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ ဆင်းရဲမွဲတေမှုတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်း  ဖြစ်ပေါ်လာစေနိုင်တယ်လို့ ဆင်ဟွာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

“မကြုံစဖူး ဈေးနှုန်းတွေ တက်လာတာကြောင့် ကမ္ဘာတစ်ဝှမ်းက လူအတော်များများအတွက် မနေ့က ဝယ်တဲ့ အစားအစာက ဒီနေ့ မဝယ်နိုင်တော့ဘူး၊ အဲဒါက သန်းနဲ့ချီတဲ့လူတွေကို ဆင်းရဲတွင်းနက်စေပြီး  အရှိန်အဟုန်နဲ့ ငတ်မွတ်ခေါင်းပါးတဲ့အခြေအနေကို တွန်းပို့နေပါတယ်၊ ဒါ့ကြောင့် လူမှုမငြိမ်မသက်မှုတွေလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေတယ်” လို့ UNDP အုပ်ချုပ်ရေးမှူး Achim Steiner က ပြောပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၅၀ ကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာ ကုန်ဈေးနှုန်းမြင့်တက်မှုက ဘော်လကန်‌ဒေသ ကက်စပီယံပင်လယ်ဒေသနဲ့ အာဖရိကတိုက် ဆာဟာရဒေသမှာရှိတဲ့ နိုင်ငံတွေမှာအဆင်းရဲဆုံး အိမ်ထောင်စုတွေအပေါ် ချက်ချင်း ရိုက်ခတ်မှု ရှိစေတယ်လို့ UNDP ရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

UNDP ဟာ ဆင်းရဲမွဲတေမှု၊ မညီမျှမှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တရားမျှတမှုတို့ကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ ကုလသမဂ္ဂရဲ့ ဦးဆောင်အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။