သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေဆုံး

ဒီနေ့ ဇူလိုင် ၈ရက်မနက်ပိုင်းက ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားနခုမှာ မိန့်ခွန်းပြောနေစဥ် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဆေးရုံရောက်ပြီးနောက်မှာပဲ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။
အသက် ၆၇နှစ်အရွယ် ရှင်ဇိုအာဘေးဟာ သူ့ရဲ့အနောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခံရတာပါ။
လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှုနဲ့ အခင်းဖြစ်တဲ့နေရာအနီး အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်လုပ်သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
မီးခိုးရောင်ရှပ်အင်္ကျီနဲ့ ကာကီဘောင်းဘီတို ၀တ်ဆင်ထားတဲ့ သေနတ်သမားဟာ အသက် ၄၁ နှစ်အရွယ် Tetsuya Yamagami ဖြစ်ပြီး သူဟာ ၂၀၀၅ ခုနှစ်ဝန်းကျင်အထိ Maritime Self Defense Force တပ်ဖွဲ့မှာ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်တွေ အရ သိရပါတယ်။ သူ့ဟာ ဘာကြောင့် အခုလို ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဂျပန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ရမ်းကားမှုဖြစ်ရပ်ဟာ အလွန်ရှားရှားပါးပါးဖြစ်ပြီး ဂျပန်ဟာ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး သေနတ်ထိန်းချုပ်ရေးဥပဒေတွေထဲမှာလည်း တခုအပါအဝင်ဖြစ်ပါတယ်။
ရှင်ဇိုအာဘေးဟာ ၂၀၀၆ – ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၂-၂၀၂၀ ခုနှစ်တွေအတွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်တာဝန်ကို သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက် ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၀ ခုနှစ်မှာ ရာထူးကနေ အနားယူခဲ့တာပါ။