Article 19 ကထုတ်ပြန်တဲ့ ၂၀၂၂ ကမ္ဘာ့ထုတ်ဖော်ခွင့် အစီရင်ခံစာ (Global Expression Report) အရ လွတ်လပ်စွာဆွေးနွေးပြောဆိုခွင့်၊ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုနဲ့ နိုင်ငံရေးနဲ့ပတ်သက်တာတွေပြောဆိုရင် ဖမ်းဆီးတာတွေ အပါအဝင် အချက် ၇ ချက်ကြောင့် မြန်မာနိုင်ငံဟာ အခုအခါမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ညွှန်းကိန်း အောက်ဆုံးအဆင့် ၅ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
နိုင်ငံရေးကြောင့် သတ်ဖြတ်မှု၊ စာနယ်ဇင်းသမားတွေကို အနှောက်အယှက်ပြုမှု၊ လွတ်လပ်စွာစုဝေးခွင့်၊ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအပေါ် ဖိနှိပ်မှုတွေကြောင့် ၂၀၂၁ခုနှစ်မှာလည်း ညွှန်းကိန်းတွေအရ ကမ္ဘာပေါ်မှာ တစ်ရှိန်ထိုးဆုတ်ယုတ်ကျဆင်းမှုအများဆုံးနိုင်ငံဖြစ်ခဲ့ပြီး အဆင့် ၁၄၀ မှာ ရှိနေတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်ပြောဆိုသူတွေကို ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်တာဟာ တိုင်းပြည်ကို အကျပ်အတည်းထဲ ကျရောက်သွားစေခဲ့ပါတယ်။
Global Expression Report အစီရင်ခံစာရအရ ကမ္ဘာ့လူဦးရေ ၁၅ရာခိုင်နှုန်း သို့မဟုတ် လူ ၇ယောက်မှာ ၁ယောက်ဟာ လွတ်လပ်စွာ သတင်းအချက်အလက် ဝေမျှခွင့်ရှိတဲ့ နိုင်ငံတွေမှာ နေထိုင်ခွင့်ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ရှရှားကနေ မြန်မာအထိ ၊ အီသီယိုးပီးယား ၊ ဘရာဇီး စတဲ့နိုင်ငံတွေက ခေါင်းဆောင်တွေဟာ ပြည်သူတွေ ကြားသိတဲ့အရာ မြင်တွေ့ခွင့်ရတဲ့အရာတွေအပေါ် တင်းကြပ်တဲ့ ထိန်းချုပ်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်အစိုးရဟာလည်း သန်းရာနဲ့ချီတဲ့ လူတွေရဲ့ အထောက်အထားတွေ၊ အချက်အလက်တွေနဲ့ ထင်မြင်ယူဆချက်တွေအပေါ် အဆုံးစွန်သော အခွင့်အာဏာကို ဆက်လက်ကျင့်သုံးနေတယ်လို့ မှတ်ချက်ပြုထားပါတယ်။
အစီရင်ခံစာရဲ့ အချက်အလက်တွေအရ တစ်ကမ္ဘာလုံးမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ ၂၀၁၁ ခုနှစ်ကစပြီး သိသိသာသာ ကျဆင်းလာခဲ့ပအါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိုမိုနည်းပါလာကြပါတယ်။