ကျဆုံးပြည်သူ ပြည်သူ ၂၀၀၀ အတွက် ဝမ်းနည်းပူဆွေးရကြောင်း အမေရိကန်ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကစပြီး အသတ်ခံရတဲ့ အရပ်သားပြည်သူ ၂၀၀၀ အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဝမ်းနည်းပူဆွေးရကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းတဲ့အချိန်ကစပြီး အမေရိကန်ပြည်ထောင်စုဟာ မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်တွေနဲ့သူတို့ရဲ့ဘဏ္ဍာရေးအကျိုးစီးပွားတွေကို အရေးယူပိတ်ဆို့မှုပြုလုပ်ခြင်းနဲ့ နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့သလို အမေရိကန်ရဲ့ မိတ်ဖက်တွေ၊ မြန်မာပြည်သူတွေနဲ့အတူ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုပံ့ပိုးကူညီခြင်းလို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
တစ်ဖက်ကလည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေဖို့ ဆက်လက်တွန်းအားပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံတစ်ဝန်း မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့စစ်တပ်ရဲ့ လူမဆန်တဲ့ကြမ်းကြုတ်ရက်စက်မှုတွေဟာ စစ်တပ်အတွင်းတာဝန်ရှိသူတွေကို တာဝန်ယူမှု ၊တာဝန်ခံမှုရှိစေရေး အပူတပြင်းလိုအပ်နေကြောင်း မီးမောင်းထိုးပြနေတယ်လို့လည်းဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ နွေဦး တော်လှန်ရေးအတွင်း ကျဆုံးပြည်သူ ၂၀၀၀ ရှိပြီလို့သိရပါတယ်။