ကြောက်စိတ်ကင်းပြီး လွတ်မြောက်ခြင်းတရားရဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ လမ်းပြခဲ့သူလို့ပြော

အကြောက်တရားကနေ ကင်းလွတ်ပြီး လွတ်မြောက်ခြင်းတရားရဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့ဆောင်လမ်းပြခဲ့သူ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်မြောက် မွေးနေ့ အခမ်းအနားမှာ ယာယီသမ္မတဒူဝါလရှီးလက အမှာစကား ပြောကြားရာမှာ အဲဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။
‘ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်မှုရဲ့ စံနမူနာဖြစ်ပါတယ်။ အသက် ၇၇နှစ်ပြည့်ပြီဆိုပေမယ့် သက်တမ်း ၃ပုံရဲ့ ၁ပုံလောက်ကို အာဏာရှင်တွေရဲ့ ချုပ်နှောင်မှုကို ခံခဲ့ရလို့ လွတ်လပ်မှုဆိုတာ ဘယ်‌လောက်မြတ်နိုးဖို့ကောင်းသလဲဆိုတာ သူကပိုနားလည်ပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်း (၆၀)ကျော် အာဏာရှင်တွေအောက်မှာ ချုပ်နှောင်ခံထားရတဲ့ တိုင်းပြည်ကြီး လွတ်လပ်ခွင့်ရဖို့ ပြည်သူတွေ လွတ်လပ်ခွင့်ရဖို့ သူ့တစ်သက်တာကို ပုံအပ်ကြိုးစားခဲ့တာဖြစ်ပါတယ်’လို့ ယာယီသမ္မတက ပြောပါတယ်။
ဒီနေ့မှာ အစိုးရအဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေ၊ ပြည်သူတွေနဲ့အတူ မွေးနေ့ပွဲကို ဆင်နွှဲရမယ့်အစား စစ်အာဏာ ရှင်တွေရဲ့ မတရား စွပ်စွဲဖမ်းဆီးခံရပြီး အကျဉ်းချခံထားရလို့ လုံးဝစိတ်မကောင်း ဘူးလို့ ယာယီသမ္မတက ပြောပါတယ်။
မွေးနေ့နဲ့ အတူ အာဏာရှင်တွေ လက်ကနေ လွတ်မြောက်ပြီး အသက်တစ်ရာမက အသက်ရှင်နိုင်ပါစေလို့ ယာယီသမ္မတက အမျိုးသားညီညွတ်‌ရေးအစိုးရ ကိုယ်စား မွေးနေ့ဆု‌တောင်း မေတ္တာပို့သခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်မှုကို ခံနေရပေ မယ့် သူဟာနွေဦးတော်လှန်ရေးရဲ့ ခေါင်းဆောင်ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အ တိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်ကြောင်း ယာယီသမ္မတက ပြောပါတယ်။
“သူ့ကိုချစ်တဲ့ ပြည်သူတွေကြောင့် နွေဦးတော်လှန်ရေးကို အရှိန်အဟုန်ကောင်းကောင်းဖြင့် စတင်နိုင်ခဲ့သလို ပြည်သူတရပ်လုံးကလည်း သူလွတ်မြောက်ဖို့ အတွက် ဒီတော်လှန်ရေးနိုင်မှဖြစ်မယ်လို့စိတ်ပိုင်း ဖြတ်ထားကြတယ် ဆိုတာ တွေ့ရပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
ဒါအပြင်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့ ပြယုဂ်ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
‘ဒေါ်အောင်ဆန်းစုကြည် ရဲ့အကြောင်းနဲ့ပတ်သက်ရင်တော့ ပြည်သူတွေကို အသေးစိတ် ပြောပြ နေစရာမလိုပါဘူး။ သူတို့က ကျွန်တော်တို့ထက်ပိုသိပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ သူ့ရဲ့ပြည်သူတွေအပေါ် ဗဟိုပြုမှု၊ စွန့်လွှတ်အနစ် နာခံမှု၊ တိုင်းပြည်ကို ချစ်တဲ့စိတ်တွေဟာ မြန်မာပြည်သူတွေအားလုံးရဲ့ စံနမူနာထားစရာဖြစ်ပါတယ်” လို့ ယာယီသမ္မတ က ပြောပါတယ်။