ထီးလင်းမြို့ စင်းစယ်ရွာကို စစ်အုပ်စုမီးရှို့ဖျက်ဆီး ​နေအိမ် ၁၂လုံးနဲ့ စပါးတင်း ၅၀၀ကျော်ပျက်စီး

photo -Htilin PDF
မကွေးတိုင်း ထီးလင်းမြို့နယ် စင်းစယ်ကျေးရွာကို စစ်အုပ်စုတွေ ဒုတိယအကြိမ်ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၁၂လုံးနဲ့ စပါးတင်း ၅၀၀ သိုလှောင်ထားတဲ့အဆောက်အဦတစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထီးလင်း (PDF)က မနေ့က ဇွန်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်တာပါ။
စစ်အုပ်စု ယာဉ်တန်းဟာစင်းစယ်ကျေးရွာကို ဝင်ရောက်ကာ လူနေအိမ်မှ စားနပ်ရိက္ခာ ပစ္စည်းများရှာဖွေ ယူဆောင်ခြင်း၊ လူနေအိမ် စပါးကျီနဲ့ လမ်းဘေးတောတွေက လူနေတဲတွေကို လက်နက်ကြီးနဲ့ထုတာ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာပါ။
စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာသွားပြီးနောက် စင်းစယ်ကျေးရွာ ပြည်သူတွေနဲ့အတူ ထီးလင်း PDF ရဲဘော်တွေက လူနေအိမ်တွေ မီးငြိမ်းကူတာ ပစ္စည်းများပြောင်းရွေ့ကူပြီး၊ မီးငြိမ်းနေသော ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ရှေ့ကင်း၊နောက်ကင်းများယူပြီး အကာအကွယ်ပေးခြင်းလုပ်ဆောင်ခဲ့တာပါ။
စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာအတွက် အနီးအနားရွာတွေကအကူအညီတောင်းခံပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ရန်အတွက်စီစဥ်ပေးခဲ့သည်ဟု ထီးလင်း PDFက ထုတ်ပြန်ပါတယ်။
စစ်အုပ်စုတပ်ဟာ အရင်ကလည်း စင်းစယ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ဖူးပြီး အခု ဒုတိယအကြိမ်မီး ရှို့ခံခဲ့ရတာ လို့ဆိုပါတယ်။