ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းနဲ့ ကန်လမ်းထောင့်မှာရှိတဲ့ လျှပ်စစ်ရုံးအတွင်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ရမ်းသန်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၉နာရီကျော်လောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရရှိသူ ရှိမရှိကိုတော့ မသိရသေးပါဘူး။
“ပေါက်ကွဲသံကြားရပြီးတော့ သေနတ်သံတွေပါ ကြားလိုက်ရတယ်၊ မီတာလာဆောင်နေသူတွေ ထွက်ပြေးသွားတယ်လို့ ပြောတယ်၊ လူနာတင်ကားတွေ သွားလာတာတော့ မတွေ့မိဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လှိုင်မြို့နယ် လျှပ်စစ်ရုံးမှာ မီတာခမပေးဆောင်သူတွေကို မီးဖြတ်တောက်တာ မီတာပုံးတွေ သိမ်းဆည်းတာအပြင် မီတာခတွေကို ပိုမိုတောင်းခံနေတဲ့ ရုံးတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။