ကျူးဘားနိုင်ငံ ၊ မြို့တော်ဟာဗားနားက ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်တခုမှာ မေလ ၆ရက်နေ့က ဂက်စ်ယိုစိမ့်ပြီး အားပြင်းတဲ့ ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၂ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပေါက်ကွဲမှုဟာ Hotel Saratoga ကို ဂက်စ်ပို့ပေးတဲ့ ထရပ်ကားတစ်စီးကြောင့် ဖြစ်ပွားခဲ့တာလို့ ကျူးဘားနိုင်ငံပိုင် ရုပ်မြင်သံကြားက အစီရင်ခံတင်ပြထားပေမယ့် မီးလောင်ပေါက်ကွဲမှုဖြစ်တဲ့ အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။
“ဒါက ဗုံးပေါက်ကွဲတာ မဟုတ်ပါဘူး ၊ ကြီးမားတဲ့ မတော်တဆမှု တခုပါ” လို့ အခင်းဖြစ်တဲ့နေရာကို ရောက်ရှိလာတဲ့ သမ္မတ Miguel Díaz-Canel က ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ဟိုတယ်နံရံတွေပြိုကျခဲ့ပြီး ကလေး ၁၄ယောက်အပါအဝင် နောက်ထပ် လူ ၇၄ဦးထက်မနည်း ဒဏ်ရာရခဲ့တယ် ၊ ဟိုတယ်အနီး အဆောက်အအုံတွေက မိသားစုတွေကိုလည်း ဘေးကင်းတဲ့ နေရာတွေကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနအကြီးအကဲတဦးက သတင်းထောက်တွေကို ပြောပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အဆောက်အဦ အပျက်အစီးတွေအတွင်း ပိတ်မိနေသူတွေကို ဆက်လက် ရှာဖွေနေတာကြောင့် ဒဏ်ရာရသူဦးရေ တိုးလာနိုင်တယ်လို့ သိရပါတယ်။