ချင်း၊စစ်ကိုင်းနဲ့မကွေးတိုင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်၊လူသားချင်းစာနာမှုအခြေအနေ ဆိုးရွားနေဆဲ

PHOTO- အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေး
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဆက်လက်ပြင်းထန်နေဆဲတိုက်ပွဲတွေကြောင့် လူသားချင်းစာနာမှု အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးဝါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲ ဒီဒေသကပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေဟာ ဆက်လက်မြင့်တက်ခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့အထိရတဲ့ အချက်အလက်တွေအရ ၃၂၇,၄၀၀ ဦးရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်မှာ လူ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးကြရပြီး စစ်ကိုင်းတိုင်းထဲမှာ နေရပ်စွန့်ခွာသူဦးရေစုစုပေါင်း ၂၄၀,၆၀၀ ရှိလာပါတယ်။ တစ်ချိန်တည်းမှာပဲ နေရပ်စွန့်ခွာသူဦးရေဟာ ချင်းပြည်နယ်မှာ ၃၆,၃၀၀ ဦးနဲ့ မကွေးတိုင်းမှာ ၅၀,၅၀၀ ဦး ရှိနေဆဲလို့ဆိုပါတယ်။
ဒါ့အပြင် အနောက်မြောက်ဒေသမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိ ဘာသာရေးအဆောက်အဦတွေ၊ အရပ်သားပိုင်ပစ္စည်းတွေအပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး ဖျက်ဆီးခံရတာ၊ ဒါမှမဟုတ် မီးရှို့ခံရတာတွေရှိခဲ့တယ်လို့ လည်း UNOCHA ကဆိုပါတယ်။
ပဋိပက္ခ ဒဏ်သင့်ရာဒေသတွေနဲ့ နေရပ်စွန့်ထွက်ပြေးရသူတွေရှိရာနေရာတွေကို လူသားချင်းစာနာမှုအကူအညီတွေ သွားရောက်ပေးနိုင်ခွင့်ကိုတင်းကျပ်စွာတားမြစ်ခံထားရပါတယ်။
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့အထိ အတည်ပြုထားတဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေဟာ စုစုပေါင်း ၉၂၄,၈၀၀ ရှိပြီး၊ အဲဒီအထဲကမှ လူဦးရေ ၅၇၈,၂၀၀ ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လုံခြုံရေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရသူတွေဖြစ်ပါတယ်။