အိန္ဒိယမှာ အပူလှိုင်းအန္တရာယ် သတိပေး

အိန္ဒိယနိုင်ငံမှာ  အခုလအတွင်း နေ့အပူချိန်မြင့်တက်နေပြီး ပြင်းထန်တဲ့ အပူလှိုင်းအန္တရာယ်အတွက် ပြင်ဆင်ထားကြဖို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ 

“နိုင်ငံတွင်းမှာ နေ့အပူအချိန်က လျင်လျင်မြန်မြန် မြင့်တက်နေတယ် ၊ ပုံမှန်ထက်ကို ပိုမြင့်တက်နေတယ်”လို့ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီက ဧပြီလ ၂၇ရက်နေ့က ပြောခဲ့ပါတယ်။ အခုသီတင်းပတ်အတွင်းမြို့တော် နယူးဒေလီမှာ အပူချိန် ၄၆ ဒီဂရီ ဆဲလ်စီးယပ် အပြင် ဒေသပေါင်း ၃၀ကျော်မှာလည်း နေ့အပူချိန် ၄၅  ဒီဂရီ ဆဲလ်စီးယပ်အထိ နေ့အပူချိန် စံချိန်တင်ခဲ့ပါတယ်။ 

အိန္ဒိယအလယ်ပိုင်းနဲ့ အနောက်မြောက်ဘက်ဒေသတွေမှာလည်း နေ့အပူချိန် ဆက်လက်မြင့်တက်နိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ပုံမှန်အားဖြင့် မေနဲ့ ဂျွန်လတွေဟာ အိန္ဒိယမှာ အပူလှိုင်းဖြတ်တဲ့လတွေ ဖြစ်ပြီး ဒီနှစ်မှာတော့ မတ်လ ကတည်းက နေ့အပူချိန်မြင့်တက်နေခဲ့တာပါ။ 

အပူချိန်မြင့်တက်မှုကြောင့် လျှပ်ဓာတ်အား လိုအပ်ချက် တိုးလာမှာဖြစ်လို့ ပြည်နယ် အများအပြားမှာ မီးပြတ်တောက်ပြီး နောက်ဆက်တွဲအနေနဲ့ ကျောက်မီးသွေး ပြတ်လပ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။ 

Photo – Getty Images