မင်းအောင်လှိုင်မိသားစုနဲ့ဆက်နွှယ်နေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းစု Star Sapphire Groupဟာ မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူရေး ကြားခံပွဲစားအဖြစ် အဓိကအခန်းကဏ္ဍကပါဝင်နေကြောင်း Justice For Myanmar ကထုတ်ပြန်လိုက်ပါတယ်။
Star Sapphire group ကို ဒေါက်တာထွန်းမင်းလတ်နဲ့ဇနီးဒေါက်တာဝင်းမင်းစိုးတို့က ချုပ်ကိုင် ထားပြီး ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ ထွန်းမင်းလတ်ဟာ Elbit Systems၊ Israel Shipyards၊ Israel Aerospace Industries နဲ့ NORINCO အပါအဝင် အစ္စရေးနဲ့ တရုတ်ကုမ္ပဏီတို့ရဲ့ စစ်အုပ်စုနဲ့ လက်နက်ရောင်းဝယ်ရေးမှာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
“ဒေါက်တာထွန်းမင်းလတ်၊ Star Sapphire ကုမ္ပဏီအုပ်စုနဲ့ သူရဲ့ ဒါရိုက်တာတွေနဲ့ ရှယ်ယာရှင်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ အမြန်ဆုံး ချမှတ်ဖို့ လိုပါတယ်’လို့ Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောပါတယ်။
ဒါ့အပြင် ထွန်းမင်းလတ်ဟာမြန်မာစစ်တပ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ အဂတိအပေးအယူတွေကတစ်ဆင့် သူ့ရဲ့ စီးပွားရေးကို တည်ဆောက်လာခဲ့သူဖြစ်ပြီးသူ့ရဲ့အဖေဟာ အရင် စစ်အစိုးရလက်ထက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒုဗိုလ်မှူးကြီးဟောင်း(လေ) ခင်မောင်လတ်ရဲ့ သားဖြစ်ပါတယ်။
Star Sapphire လက်အောက်ခံကုမ္ပဏီတွေဟာ ၂၀၀၁ ခုနှစ်ကစတင်ကာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်နဲ့ အမြတ်ခွဲဝေမှုအစီအစဉ်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။
Star Sapphire ၏ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Royal Maw Taung Mining (ယခင် Star Thiri Investment) ကို စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့သမီးဖြစ်သူ ခင်သီရိသက်မွန်က ပူးတွဲ တည်ထောင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ထွန်းမင်းလတ်နဲ့ သူ့အပေါင်းအပါ တွေဟာ ဆယ်စုနှစ်ပေါင်းများစွာမြန်မာစစ်တပ် တခုလုံးရဲ့အမြစ်တွယ်လှိုက်စားနေတဲ့ အကျင့်ပျက်ခြစား မှုတွေကို အသုံးချပြီး သူတို့ကိုယ်သူတို့ ချမ်းသာအောင်လုပ်ခဲ့တာပါ’လို့ ပြောပါတယ်။
သူတို့ဟာ စစ်တပ်ရဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေအတွက် ဘဏ္ဍာ ငွေနဲ့ လက်နက်တွေ ထောက်ပံ့ပေးခဲ့တာကြောင့် ရာဇ၀တ်မှုတွေမှာ ကြံရာပါတွေ ဖြစ်ကြတယ်လို့လည်း မရတနာမောင်ကဆိုပါတယ်။