တောင်ကြာအင်းရဲစခန်းကိုထားပြီး စစ်သား နဲ့ ရဲတွေ ထွက်ပြေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက တောင်ကြာအင်းရွာ ရဲစခန်းကို ဒီနေ့ နေ့လည်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်တွေနဲ့တကွ သိမ်းယူနိုင်ခဲ့ပြီး ရဲစခန်းက ရဲတွေအပြင် ရဲစခန်းဘေးက စာသင်ကျောင်းမှာ တပ်ချနေတဲ့ စစ်သား ၂၀ ကျော်လည်း ထွက်ပြေးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက DNA ကိုပြောပါတယ်။
တောင်ကြာအင်းရဲစခန်းကို သိမ်းယူနိုင်ခဲ့ပြီး လက်နက် ၊ ခဲယမ်းအချို့ သိမ်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ် ။ နှစ်ဖက် အကျအဆုံး စာရင်းကို တိတိကျကျ မသိရသေးပေမယ့် ကော့ကရိတ်မြို့ပေါ် သတင်းရင်းမြစ်ကတော့ ရဲတယောက် နဲ့ စစ်သား တယောက် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ် ။
နှစ်ဖက် ထိတွေ့တိုက်ပွဲကြောင့် စာသင်ကျောင်းမှာ မီးလောင်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီး ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်တပ်လည်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဒီနေ့တိုက်ပွဲကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ အဖြစ် ကျားဖြူ ၃ နဲ့ ဂဠုန်အဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ အခု ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး မြဝတီ -ကော့ကရိတ် ကားလမ်း ၊ မြဝတီ – ဝေါလေ ကားလမ်း ပေါ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေသလို မြဝတီမြို့နယ် ၊ ကော့ကရိတ်မြို့နယ် နဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းက လူနေကျေးရွာတွေအထိ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေ ၊ တိုက်လေယဉ်တွေ အသုံးပြုပြီး ကျူးကျော်ဖျက်ဆီးမှုတွေ လုပ်ဆောင်နေပါတယ် ။