သထုံတခွင် ညအချိန်သွားလာခွင့်မပြုဘူးလို့ ကေအဲန်ယူထုတ်ပြန်

ကေအဲန်ယူ သထုံမြို့နယ် တပ်ရင်း ၂ ထိန်းချုပ်နယ်မြေအတွင်း ညဘက် သွားလာခွင့်မပြုကြောင်း ထုတ်ပြန်ပါတယ်။
ခရီးသွားလာခွင့်ကို မနက် ၆ နာရီကနေ ည ၆ နာရီအတွင်းသာ သွားလာခွင့်ပြုပြီး ကားဖြင့်ခရီးသွားပါက ကားမှန်ချပြီးမောင်းနှင်ဖို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။
ကေအဲန်ယူ ယ် တပ်ရင်း ၂ ထိန်းချုပ်နယ်မြေထဲမှာ သထုံ၊ ဘီးလင်းနဲ့ အပေါင်မြို့နယ်တို့ ပါဝင်ကြောင်း Thaton Generation Z Team က ဆိုပါတယ်။
‘အခုလောလောဆယ် မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်မှာ ညဘက် ကားတွေသွားလာနေတာရှိတယ်’ လို့ Thaton Generation Z Team ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တပ်ရင်း ၂ ထိန်းချုပ်နယ်မြေထဲ စက်တပ်ယာဉ်တွေနဲ့ သွားလာရာမှာ တာဝန်အရစစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံဖို့၊အရေးပေါ်ကိစ္စရှိလာရင် တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားဖို့၊ ကေအဲန်ယူသထုံမြို့နယ် အတွင်းရှိ ကားလမ်းမကြီး၊ ကတ္တရာလမ်းနဲ့ မြေနီလမ်း ဘေးနှစ်ဖက် ကိုက် ၁၀၀ အကွာကနေ မသွားလာကြဖို့၊ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေ လာရောက်တည်းခိုပါက ကျေးရွာလူကြီးတွေက တည်းခိုခွင့်မပြုဘဲ ဟန့်တားဖို့နဲ့ ထုတ်ပြန်ချက်ကို မလိုက်နာပါက ဖြစ်လာမယ့် ပြဿနာတွေကို တာဝန်မယူဘူးလို့ ထုတ်ပြန်ပါတယ်။