လေးကေ့ကော်ဒေသမှာ အကြမ်းဖက်စစ်သား ၆၀၀ လောက်အထိ အင်အားတိုးချဲ့ထား

လေးကေ့ကော်ဒေသအတွင်း မင်းလက်ပန်ရွာကို အခြေပြုပြီး အကြမ်းဖက်စစ်သား ၆၀၀ လောက်အထိ အင်အားတိုးချဲ့ထားတယ်လို့ Delta News Agency ရဲ့ မြေပြင်ကင်းထောက်က ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသနဲ့ ကော့ကရိတ်တောင်ပိုင်းဒေသတွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်တွေ ၃ ရက်အတွင်း ပြန်ဆုတ်ခွာဖို့ KNU တပ်မဟာ ၆ က အရှေ့တောင်တိုင်းတိုင်းမှူးထံ စာပေးပို့အကြောင်းကြားတဲ့ မတ်လ ၇ ရက်နေ့ မတိုင်ခင်ကတည်းက လေးကေ့ကော်ဒေသမှာ အကြမ်းဖက်တပ်နဲ့ သူတို့လက်အောက်ခံ နယ်ခြားစောင့်တပ်အင်အားကို တိုးချဲ့ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
‘မင်းလက်ပန်ဘက်ကို အခြေစိုက်ပြီး အင်အားတိုးချဲ့နေတာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းကပါ’ လို့ သူကပြောပါတယ်။
အကြမ်းဖက်စစ်တပ် ပြန်လည်ဆုတ်ခွာဖို့ အကြောင်းကြားထားတဲ့ ၃ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မှာ အကြမ်းဖက်စစ်တပ်ဟာ လေးကေ့ကော်ဒေသကနေ ပြန်လည်ဆုတ်ခွာခြင်းမရှိတဲ့အပြင် ကင်းထောက်လေယာဉ်တစ်စီး ပျံသန်းသွားတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
‘ဒီနေ့အခြေအနေကတော့ တမနက်လုံး တိတ်ဆိတ်နေပြီးတော့ ပြီးခဲ့တဲ့နေ့လည်ပိုင်းကပဲ ကင်းထောက်လေယာဉ်ပေါ့လေ။ လေးကေ့ကော်ဒေသတစ်ဝိုက်ကို ပျံသန်းသွားတာတွေ့ရတယ်။ ပြီးရင်တော့ ၁၂၀(မမ) နှစ်လုံးပေါ့လေ။ PDF တွေ KNLA ပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့ဘက်ကို ရမ်းသန်းပြီးတော့ ထုနေတာရှိတယ်ဗျ’ လို့ သူကပြောပါတယ်။
မတ်လ ၉ ရက်နေ့က လေးကေ့ကော် အမြောက်ကုန်းကနေ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ရှိရာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လေယာဉ်ပါ်ကနေ စက်သေနတ်နဲ့ပစ်ပြီး အလောင်းကောက်ခဲ့ခြင်းဖြစ်ကာ သေနတ်တစ်လက်နဲ့ စစ်အသုံးအဆောင်တချို့ ကျန်ခဲ့တယ်လို့ သိရပါတယ်။