ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက မတ်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အတွင်းမှာ ပြည်သူတွေရဲ့ နေအိမ် ၂၈ လုံးအထိ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မတ်လ ၂ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုဟာ ဖလမ်းမြို့နယ် ဒေါက်တက်ကျေးရွာမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅ လုံးမှာလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် မတ်လ ၆ ရက်နေ့မှာလည်း ဖလမ်းမြို့နယ် လိုင်မွာလ်ကျေးရွာမှာ နေအိမ်တစ်လုံးနဲ့ တလန်လိုရပ်ကွက်က နေအိမ် ၃ လုံးကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရုံသာမက ပြည်သူတွေ နေထိုင်သွားလာရာ နေရာတွေမှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ မြေမြှပ်မိုင်းကြောင့် ရမ်ထလိုကျေးရွာ နှစ်ချင်းဘုရားကျောင်းက ဆရာတော် ဦးအောင်ရွှေဟာ ယာခင်းကိုသွားရောက်စဉ်မှာ မိုင်းနင်းမိပြီး ဘယ်ဖက်ခြေမျက်စိအထက်ပိုင်း ပြတ်တောက်ခဲ့ရပါတယ်။
စစ်အုပ်စုရဲ့ အခုလိုလုပ်ရပ်တွေဟာ လူမဆန်တဲ့ လုပ်ရပ်တွေဖြစ်တာကြောင့် ပြင်းထန်စွာရှုတ်ချပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ ဆက်လက်တော်လှန်သွားကြဖို့ ချင်းအမျိုးသား အဖွဲ့ချုပ်က သဘောထား ထုတ်ပြန်ထားပါတယ်။