မြန်မာပြည်သူ အနည်းဆုံး ၄ သန်းကို ရိက္ခာတိုးမြှင့် ကူညီမယ်လို့ ကုလပြေ

photo- AP
၂၀၂၂ ခုနှစ်အတွင်း မြန်မာပြည်သူ အနည်းဆုံး ၄ သန်းအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာကို တိုးမြှင့်ကူညီပေးဖို့ လုပ်ဆောင်နေတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က ပြောပါတယ်။
အခုအခါ စိန်ခေါ်မှုအမျိုးမျိုးတွေရဲ့ကြား လူ ၄ ဦးမှာ ၁ ဦးဟာ အစားစာ မလုံလောက်မှု ပြဿနာနဲ့ ကြုံတွေ့ နေရတယ်လို့ သူကပြောကြောင်း VOA သတင်းက ဆိုပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ လူပေါင်း (၁.၇) သန်းအတွက် အစားအစာနဲ့ အာဟာရတွေကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဝေငှပေးခဲ့သလို စစ်ရေးပဋိပက္ခတွေကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၇ ခုက အိုးအိမ်စွန့်ခွာ ဒုက္ခသည်အသစ် (၅၇,၀၀၀) အတွက်လည်း စားနပ်ရိက္ခာတွေ ဝေငှပေးခဲ့တယ်လို့သူက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ PDF ခေါင်းဆောင်တစ်ဦးက စစ်ကိုင်းအတွင်း နေရပ်စွန့်ခွာထွက် ပြေး ရသူတွေနဲ့ ရပ်ရွာမီးရှို့ခံရမှုတွေ နေ့စဉ်နီးပါးဖြစ်ပေါ်နေပေမဲ့ ကုလအဖွဲ့အစည်းတွေရဲ့ အကူအညီ မရဘူးလို့ ဆိုပါတယ်။
‘ကျွန်တော်တို့ဆီက ထွက်ပြေးရတယ်ဆိုတာ တိုက်ပွဲတွေကြောင့်မဟုတ်ဘူး။ စစ်ခွေးတွေက ရွာတွေထဲလာပြီး ပစ်တယ်၊ လုတယ်၊ မီးရှို့တယ်၊ လူတွေကို ပစ်သတ်တယ်၊ဖမ်းဆီးတယ်။ အဲဒါကြောင့် သူတို့လာရင် ရွာတိုင်းက ထွက်ပြေးကြရတယ်’ လို့ သူကဆိုပါတယ်။