ဝန်းသိုမြို့ရှိ စစ်အုပ်စုစခန်းတစ်ခု ဝင်တိုက်ခံရပြီး ၃၀ကျော်သေ

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ စခန်းတစ်ခုကို PDFပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၃၀ဦးခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ မနက် ၆နာရီခန့်မှာ နန်းခမ်းကျေးရွာမှာရှိတဲ့ စစ်အုပ်စုကို ဝန်းသို PDFနဲ့ ဝန်းသို ပကဖတို့ ပူးပေါင်းပြီး ဝင်ရောက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၄နာရီကျော်ကြာမြင့်ခဲ့ကာ စစ်အုပ်စုက ၃၀ဦးခန့် သေဆုံးကာ ပျူစောထီးဆိုသူ နှစ်ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့လည်း သိရပါတယ်။
“ပျူစခန်းနဲ့ ရဲကုန်းကို ကျွန်တော်တို့ ဝင်တိုက်တာ။ လက်နက်ကြီးပစ်ပြီး ကျွန်တော်တို့ တပ်စိတ် ၂စိတ်က ရဲကုန်းကို ဝင်ပစ်တယ်။ ပြီးတော့ တခြားအဖွဲ့နဲ့ ပေါင်းပြီး ပျူစခန်းကို ဝင်ပစ်တယ်။ စကစနဲ့ ပျူတွေ ၃၀ ကျော်ကျတယ်လို့ ရွာသားတွေဆီက တစ်ဆင့်ပြန်သိရတယ်။ ပျူနှစ်ကောင်ကိုတော့ အရှင်ဖမ်းမိခဲ့တယ်။” လို့ ဒေသခံတစ်ဦးက The 74 Media မှာ ဖြေကြားထားပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ပျူစောထီး၂ဦးကို ကျေးရွာဒေသခံ လူကြီးတွေထံမှာ အပ်နှံခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီး လုယက်တာတွေ ဆက်တိုက်ကျူးလွန်နေပါတယ်။