အပြည်ပြည်ဆိုင်ရာတရားရုံးI CJ မှာအကြမ်းဖက်စစ်အုပ်စု တက်ရောက်ခွင့်ရတာဟာ စိတ်ပျက်စရာကောင်းပြီး အမှုအတွက် မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေဖြစ်နိုင်တယ်လို့ SAC-M က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
SAC-Mဟာ ကုလသမဂ္ဂ ကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲထားတဲ့အမှုကို ယမန်နေ့က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ICJ တရားရုံးမှာ ပြန်လည်စစ်ဆေးခဲ့ ပြီး ဒီကြားနာပွဲကိုတက်ရောက်ရဖို့ NUG အစိုးရ နဲ့ အကြမ်းဖက်စစ်အုပ်စုတို့ ICJ တရားရုံးကြားနားပွဲ တက်ရောက်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားခဲ့ကြပေမယ့် စစ်အုပ်စုဘက်က တက်ရောက်ခွင့်ရတဲ့အပေါ် SAC-M က အဲဒီလိုတုံ့ပြန်လိုက်တာပါ။
NUGအစိုးရနဲ့ ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့တွေက ICJ တရားရုံးပြင်ပမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး စစ် အုပ်စုတက်ခွင့်ရတဲ့အပေါ် ကန့်ကွက်ခဲ့ပါတယ်။ICJ တရားသူကြီးဥက္ကဌ Joan E donoghue က စစ်အုပ်စုကို တက်ရောက်ခွင့်ပေးတာဟာ ICJ အနေနဲ့ စစ်အုပ်စုကို အစိုးရအဖြစ် အသိအမှတ် ပြုပေးလိုက်တာမဟုတ်ဘဲ နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ပြုတာလို့ ဆိုပါတယ်။NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ICJ တရားရုံး ရဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်ခံကြားနာခွင့်ပြုတဲ့ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ICJ ကိုကျနော်တို့ စာတွေပေးပို့ထားပါတယ်။ ဒီကိစ္စမှာ စစ်အုပ်စုက အစိုးရ မဟုတ်ဘူး၊ အာဏာသိမ်းဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်အဖွဲ့ပဲဖြစ်တယ်၊ ဒါ့ကြောင့် ဒီလိုမျိုးတွေကို လက်မခံဖို့’လို့ သူကဆိုပါတယ်။
NUG အစိုးရသာ တရားဝင်အစိုးရဖြစ်တာကြောင့်ပြန်အသိအမှတ်ပြုဖို့ ICJ တရားရုံးဆီ စာထပ်ပို့ထားပြီး ICJ ရဲ့ဆုံးဖြတ်ချက်ကို ဆက်စောင့်ကြည့်မယ်လို့ ထပ်ပြောပါတယ်။
ဥရောပ ရိုဟင်ဂျာများ ကောင်စီက Ambia Perveen ကလည်း ICJ မှာ စစ်ကောင်စီကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် စစ်အုပ်စုကို လျှောက်လဲခွင်ပြုတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ICJ တရားရုံးထဲ ကြားနာပွဲပြုလုပ်နေချိန်အတွင်း နယ်သာလန်ကိုရောက်ရှိနေတဲ့ မြန်မာတချို့ကလည်း စစ်အုပ်စုတက်ရောက် ဖြေရှင်းခွင့်ရတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ ICJ ကြားနာပွဲကို မင်းအောင်လှိုင်ခန့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ကိုကိုလှိုင်နဲ့ ငှားရမ်းထားတဲ့ ဗြိတိန်အခြေစိုက် ဥပဒေပညာရှင်အဖွဲ့က ရှေ့နေတွေ တက်ရောက်ခဲ့ပြီးဌားရမ်းထားတဲ့ ရှေ့နေတစ်ဦးဖြစ်သူ Christopher Staker က မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ နောက်ကွယ်မှာ OIC(အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ )က ကြိုးကိုင်နေတဲ့အတွက်၊ ဒီအမှုကို လက်မခံသင့်ဘူးလို့ ပြောသွားပါတယ်။
ကိုကိုလှိုင်က ICJ တရားရုံးက ဒီအမှုကို စီရင်ခွင့်မရှိဘူးလို့ လျှောက်လဲနေတာဟာ ဒီအမှုမှာ အဖြေမရှိတဲ့ သဘောမဟုတ်ဘဲ ရခိုင် မြောက်ပိုင်းမှာ ကာလရှည်ကြာရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သံန္နိဋ္ဌာန်ချမှတ်ပြီး ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ICJကြားနာပွဲကို လေးရက် ပြုလုပ်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံကလျှောက်လဲချက်ပေးမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၅ရ က်နေ့မှာ မြန်မာဘက်က လျှောက်လဲပြီး ၂၈ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲပါမယ်။