အီကွေဒေါနိုင်ငံမှာ ပိုက်လိုင်းကျိုးပေါက်ပြီး ရေနံယိုဖိတ်မှု စည်ပေါင်း ၆,၃၀၀ ခန့်ထိ များပြား

အီကွေဒေါနိုင်ငံအတွင်း အမေဇုန်ဒေသမှာ ရေနံပိုက်လိုင်းတစ်ခု ပျက်စီးခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဧရိယာအတွင်း ရေနံပမာဏ စည်ပေါင်း ၆,၃၀၀ လောက် ယိုဖိတ်သွားခဲ့တယ်လို့ ရေနံကုမ္ပဏီက ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့နောက် မြေပြိုရာကနေ ပိုက်လိုင်း ကျိုးပေါက်သွားရတာ ဖြစ်ပြီး OCP ရေနံကုမ္ပဏီက ယိုဖိတ်သွားတဲ့ ရေနံတွေကို ပြန်လည်စုဆောင်းပြီး စည်ပေါင်း ၅၃၀၀ စာလောက်ကို ပိုက်လိုင်းစနစ်အတွင်း ပြန်ထည့်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ရေနံယိုဖိတ်မှုကြောင့် စတုရန်းမီတာ ၂၁,၀၀၀ ကျယ်ဝန်းတဲ့ သဘာဝဝန်းကျင်ထိန်းသိမ်းမှု ဧရိယာဖြစ်တဲ့ ကာယမ်ဘီကိုကာ သစ်တောကြိုးဝိုင်းကို ထိခိုက်သက်ရောက်မှု ကြီးမားခဲ့ပါတယ်။
ဒါ့အပြင် ရေနံစိမ်းတွေ ယိုဖိတ်သွားတာကြောင့် တစ်ဆက်စပ်တည်းဖြစ်တဲ့ ကိုကာမြစ်ရေကို အားကိုးအားထားပြုရတဲ့ မြစ်ကမ်းနေ ရပ်ရွာအသိုင်းအဝိုင်းတွေအတွက်လည်း အခက်တွေ့စေခဲ့ပါတယ်။
၄၈၅ ကီလိုမီတာရှည်လျားတဲ့ အဲဒီ ရေနံပိုက်လိုင်းဟာ အီကွေဒေါနိုင်ငံ ခရိုင်လေးခုရဲ့ တောတွင်း ရေနံတွင်းတွေကနေ ပစိဖိတ်သမုဒ္ဒရာကမ်းခြေထိ ဖြန့်ကျက်ဆက်သွယ်ထားတာပါ။ ဒီရေနံယိုဖိတ်မှုဟာ ဇန်နဝါရီလ ၁၅ ရက်နေ့က ပီရူးနိုင်ငံ ပင်လယ်ကမ်းလွန်မှာ ရေနံစိမ်း စည်ပေါင်း ၁၂,၀၀၀ ယိုဖိတ်ခဲ့ပြီးနောက် ဒုတိယ‌မြောက် ရေနံယိုဖိတ်မှုတစ်ခု ဖြစ်ပါတယ်။