ထိုင်းစစ်ရှောင်စခန်းပိတ်၊အိမ်ပြန်မရသေးသူ ၁၀၀၀လောက်ကို ဖလူးလေးစခန်းက ပြန်လက်ခံထား

ထိုင်းနိုင်ငံထဲက နွာခြံစစ်ရှောင်စခန်းကို ပိတ်သိမ်းလိုက်ပြီဖြစ်တာကြောင့် အိမ်ပြန်လို့မရသေးသူ ၁၀၀၀ ဝန်းကျင်လောက်ကို ဖလူးလေး စခန်းက ပြန်လက်ခံထားတယ်လို့ သိရပါတယ်။
မြဝတီမြို့နယ်၊ ဖလူးလေးရွာနဲ့ မျက်နှာချင်းဆိုင် သောင်ရင်းမြစ် ဟိုဘက်ကမ်းမှာရှိတဲ့ ထိုင်း၊နွားခြံ စစ်ရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေက ပိတ်သိမ်းလိုက်တာကြောင့် အဲဒီစခန်းရောက်နေတဲ့ မြန်မာစစ် ရှောင် ပြည်သူတွေကို ဇန်နဝါရီ ၂၄ ကစပြီး ဖလူးလေးရွာအပိုင်ထဲက စစ်ရှောင်စခန်းထဲ ပြန်ခေါ်ခဲ့ခြင်းဖြစ်တယ်လို့ စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုရောက်ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေဟာ ကိုယ့်အိမ်ကိုယ်ပြန်လို့မရသေးတဲ့ လေးကေ့ကော်၊ မယ်ဝါးခီး၊ ပဟိကလော်နဲ့ ဖလူးလေးရွာက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။
‘အခုအဲဒီရွာတွေကိုပြန်ဖို့ စစ်တပ်ကလည်း ခွင့်မပြုသေးသလို ကျွန်တော်တို့ဘက်ကလည်း ပြန်ဖို့ ခွင့်မပြုသေးဘူး’ လို့ သူကပြောပါတယ်။
လေးကေ့ကော်၊မယ်ဝါးခီးနဲ့ပဟိကလော်ရွာသား သုံးပုံနှစ်ပုံလောက်ဟာ ထိုင်းစစ်ရှောင်စခန်း ပိတ်သိမ်းလိုက်တာကြောင့် ဖလူးလေး စစ်ရှောင်စခန်းထဲ ပြန်ရောက်လာခြင်းဖြစ်ပြီး သုံးပုံတစ်ပုံလောက်ကတော့ တခြားအရပ်ဒေသကို ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
‘သုံးပုံတစ်ပုံလောက်က သူတို့ဆွေမျိုးတွေရှိတဲ့ ဘားအံတို့လို မော်လမြိုင်တို့လို နေရာတွေကို ထွက်ခွာသွားကြတယ်’ လို့ သူကပြောပါတယ်။
ဖလူးလေး စခန်းရောက် စစ်ရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးကို အလှူရှင်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
‘ထိုင်းဘက်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ လာလှူကြတယ်။ကရင်အမျိုးသားအဖွဲ့တို့လိုမျိုးတွေလည်း လာလှူကြတာရှိတယ်’ လို့ သူကဆက်ပြောပါတယ်။
မယ့်ထော်သလေး၊ ဖလူးကြီး၊ မင်းလက်ပန်နဲ့ အင်းကြင်းမြိုင်ရွာက ဒေသခံတွေကို အကြမ်းဖက်စစ်တပ်က ရွာထဲပြန်နေခွင့်ပြုပြီဖြစ်လို့ ဒေသခံသုံးပုံနှစ်ပုံလောက် ရွာထဲပြန်နေကြပြီလို့ သိရပါတယ်။
‘ဒါပေမဲ့ ရွာထဲပြန်ဝင်ပြီးရင် ပြန်ထွက်လို့မရတော့ဘူးဆိုတော့ အစားအသောက်အခက်အခဲရှိနေကြတယ်’လို့ သူကဆက်ပြောပါတယ်။
ဖလူးလေးရွာမှာရှိတဲ့ Unity စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဖလူးလေးရွာမှာ စစ်ရှောင်စခန်းတစ်ခုသာ ကျန်တော့တာပါ။ လေးကေ့ကော်နဲ့ မယ်ဝါးခီးရွာထဲမှာ အကြမ်းဖက်စစ်တပ်က ရှိနေသေးပြီး လူနေအိမ်တွေထဲကပြည်သူပိုင် ပစ္စည်းတွေကို အကြမ်းဖက်တပ်သားတွေက လုယက်ဖျက်ဆီးခဲ့ပါတယ်။
လေးကေ့ကော် လူနေရပ်ကွက်တွေထဲ အကြမ်းဖက်တပ်က မိုင်းထောင်ထားတယ်လို့ သတင်းထွက်ပေါ် နေပေမဲ့ အတည်မပြုနိုင်သေးပါဘူး။