၂၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။
တိုက်ပွဲသတင်း၊ စခန်းသိမ်းတိုက်ပွဲနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို Onlineပေါ် အလျင်စလို မတင်ကြဖို့ KNU ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက မေတ္တာရပ်ခံလိုက်ပါတယ်။
ဒူးပလာယာခရိုင်အတွင်း KNLA တပ်မဟာ (၆)နဲ့ အကြမ်းဖက်စစ်အုပ်စုတို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး KNLAဘက်က စစ်အုပ်စုရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တဲ့ကိစ္စတွေမှာ သတင်းတွေကို Onlineပေါ် အမြန်မတင်ဖို့အရေး ဒီကနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့မှာ မေတ္တာရပ်ခံ ထုတ်ပြန်လိုက်တာပါ။
ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေအပြီးမှာ စစ်ရေးအစီအစဉ်တွေအရ ဆက်လုပ်ရမဲ့ အစီအစဉ်တွေရှိနေတာကြောင့် Onlineပေါ် အလျင်စလို ဖြန့်ဝေပါက ရန်သူကို သတင်းပေးပို့ရာရောက်ပြီး ဆက်လက်လုပ်ဆောင်ရမဲ့ အစီအစဉ်တွေ ထိခိုက်မှုဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲနဲ့အတူ စစ်ဘေးရှောင်တွေပါ ရှိလာတာမို့ တည်နေရာတွေကို မြေပုံအညွှန်းနဲ့ ဖော်ပြတာဟာ စစ်အုပ်စုက စစ်ဘေးရှောင်တွေကို ပစ်မှတ်ထားလာနိုင်ပြီး စစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့ လုံခြုံမှုမရှိဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုက အရေးနိမ့်သွားတဲ့ တိုက်ပွဲတွေမှာ လေယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်လေ့ရှိတာကြောင့် ပြည်သူတွေရှိနေတဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ သိရပါတယ်။
စစ်ကူတွေ အချိန်မှီ မပေးပို့နိုင်ရေးနဲ့ မြေပြင်ကိစ္စတွေ ပြီးဆုံးအောင် ဆောင်ရွက်ပြီးမှသာ သတင်းဖြန့်ဝေပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။