မြန်မာအမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ ကုလ တိုက်တွန်း

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

နိုင်ငံရေးနဲ့လုံခြုံရေးအခြေအနေအရ ခြွင်းချက်မရှိစေဘဲ မြန်မာအမျိုးသမီး တွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို တိကျခိုင်မာတဲ့ကာကွယ်စောင့်ရှောက်မှုတွေပေးနိုင်အောင် ဒီ့ထက်ပိုပြီးလုပ်ဆောင်သွားကြဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ (UNFPA) နဲ့ကုလသမဂ္ဂအမျိုးသမီးဌာန၊မြန်မာနိုင်ငံ( UN Women in Myanmar) တို့က နိုဝင်ဘာ၂၆ရက်နေ့မှာ ထုတ်ပြန်တဲ့ ပူးတွဲကြေငြာချက်မှာဖော်ပြပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်ရေးနေ့ နဲ့ လိမ်ကွဲပြားမှုအပေါ်အခြေခံတဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ ရက်ကြာလှုပ်ရှားမှုစတဲ့အထိမ်းအမှတ်အနေနဲ့ ကုလသမဂ္ဂဆိုင်ရာအဖွဲ့နှစ်ဖွဲ့က ပူးတွဲကြေငြချက်ထုတ်ပြန်ခဲ့တာပါ။

အန္တရာယ်ကနေအသက်ရှင်လွတ်မြောက်လာသူအမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ တရားမျှတမှု၊ လုံခြုံမှု၊ ကာကွယ်စောင့်ရှောက်မှုတွေအပါအဝင်၊ အမျိုးသမီးတွေအတွက် လူမှုရေးဝန်ဆောင်မှုလုပ်ငန်းတွေ ရရှိနိုင်ဖို့ ကို ဆက်သွယ်ရရယူနိုင်အောင်သေချာ ပြုလုပ်သွားဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသမီးတွေအရေး တိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက် အမျိုးသမီးတွေကိုစောင့်ရှောက်မှုပေးနေတဲ့ အမျိုးသမီးနဲ့ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေအပါအဝင် အရပ်ဖက်အဖွဲ့ အစည်းတွေကို ပံပိုးအားပေးဖို့လိုတယ်လို့လည်းတိုက်တွန်းထားပါတယ်။

ကိုဗစ် ကြောင့်ဖြစ်စေ၊ အာဏာသိမ်းမှုကြောင့်ဖြစ်စေ အရေးပေါ်အခြေအနေကြေငြာထားတာတွေနဲ့ ကန့်သတ်ချုပ်ချယ်ထားတာတွေဟာ အမျိုးသမီးတွေအပေါ်အကြမ်းမှုတွေကျူးလွန်တာတွေအတွက် အကြောင်းပြဆင်ခြေပေးစရာတွေ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက ‘ဒီဟာကတော့ ဥပဒေနဲ့မညီဘူး၊ကျင့်ဝတ်နဲ့မညီဘူး မလုပ်ကြနဲ့လို့ ကုလသမဂ္ဂက ပြောတာမှန်သမျှကို မြန်မာစစ်တပ်က လုပ်ပါတယ်။အဲဒီလိုလုပ်တဲ့အတွက် ကုလသမဂ္ဂက မြန်မာစစ်တပ်ကို လူကြားကောင်းရုံကြေညာချက်လေးထုတ်ပြီး ထိုင်ကြည့်နေမှာလားလို့ မြန်မာပြည်သူတွေက မေးခွန်းထုတ်နေပါတယ်။’လို့ ပြောပါတယ်။