
၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။
မန်ယူဒါရိုက်တာဘုတ်အဖွဲ့ဟာ လာမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာ ရလဒ်တွေဆိုးခဲ့ရင် နည်းပြဆိုးလ်ရှားကို ရာထူးထုတ်ပယ်လိုက်နိုင်တယ်လို့ သိရပါတယ်။
ဗြိတိန်သတင်းမီဒီယာတချို့က မန်ယူအသင်းတာဝန်ရှိသူတွေဟာ အခုသီတင်းပတ်အတွင်း နည်းပြရာထူးအတွက် ထိပ်သီးနည်းပြတချို့နဲ့ စကားပြောဆိုခဲ့ပြီး သဘောတူညီမှုတချို့ ရယူထားနိုင်ပြီလို့ ရေးသားဖော်ပြထားပါတယ်။
မန်ယူဒါရိုက်တာဘုတ်အဖွဲ့ဟာ ဆိုးလ်ရှားရဲ့နည်းပြရာထူးကို အာမခံချက် ပေးအပ်ထားဆဲဖြစ်ပေမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် အသင်းအနာဂတ်အတွက် ရည်ရွယ်ပြီး နည်းပြအပြောင်းအလဲလုပ်ဖို့ကို မန်ယူဘုတ်အဖွဲ့က စီမံလာဖွယ်ရှိနေကြောင်း ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။
မန်ယူဒါရိုက်တာဘုတ်အဖွဲ့ဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းနဲ့ လက်စတာနည်းပြ ဘရင်ဒန်ရော့ဒ်ဂျားစ်တို့ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ဆက်သွယ်နေပြီး ချက်ချင်း အလုပ်ဝင်နိုင်မယ့် ဇီဒန်းက မန်ယူနည်းပြသစ်ဖြစ်လာဖို့အတွက် အရမ်းနီးစပ်မှုရှိနေတယ်လို့လည်း သိရှိရပါတယ်။
ဇီဒန်းဟာ မန်ယူနည်းပြရာထူးကို စိတ်မဝင်စားဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မန်ယူကတော့ စီရော်နယ်ဒို၊ ဗာရန်းတို့နဲ့ ဇီဒန်းအကြားမှာ ရှိထားတဲ့ ဆက်ဆံရေးကြောင့် ဇီဒန်းဟာ မန်ယူဆီ ရောက်လာမယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။