အမေရိကန်သတင်းသမားကို ထောင်ဒဏ်၁၁နှစ်ချ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

အမေရိကန်အစိုးရက အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုနေပေမဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အမေရိကန်သတင်း သမား Denny Fenster ကို ထောင်ဒဏ်၁၁နှစ်ချလိုက်ပါတယ်။

Denny Fenster ကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒီကနေ့ စီရင်ချက်ချလိုက်တာပါ။

Denny Fenster ကို အများပြည်သူမငြိမ်မသက်ဖြစ်စေဖို့လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃နှစ်၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ထောင်ဒဏ်၃နှစ်နဲ့ ဗီဇာစည်းကမ်းမလိုက်နာမှု လဝက ဥပဒေပုဒ်မ ၁၃ (၁)နဲ့ ထောင်ဒဏ်၅နှစ်နဲ့ ငွေဒဏ်ကျပ်တစ်သိန်း စီရင်ချက်ချခဲ့တာလို့ Frontier Myanmar က ထုတ်ပြန်ပါတယ်။

ရန်ကုန်အခြေစိုက်တရားလွှတ်တော်ရှေ့နေတစ်ဦးက ‘အမေရိကန်အစိုးရကိုမကြည်သမျှ သူတို့လက်ထဲရောက်နေတဲ့ သတင်းထောက်ကို မင်းအောင်လှိုင်က ဒုက္ခပေးတာပါ။မင်းအောင်လှိုင်ပါးစပ်က ထွက်လာတာ ဥပဒေပဲဆိုတော့ ဥပဒေကြောင်းအရ ဘာမှပြောစရာမရှိပါဘူး။မင်းအောင်လှိုင်ကလည်း မကြာခင်ထွက်ပြေးရမဲ့ကောင်ပါ’လို့ ပြောပါ တယ်။

Denny Fenster ဟာရန်ကုန်အခြေစိုက် သတင်းမီဒီယာ Frontier Myanmar ရဲ့ အုပ်ချုပ်မှုအယ်ဒီတာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့မေလ ၂၄ရက်နေ့က အမေရိကန်နိုင်ငံမှာရှိတဲ့ မိသားစုဆီပြန်ဖို့အတွက် ရန်ကုန်လေဆိပ် ရောက်ရှိချိန် စစ်အုပ်စု က ဖမ်းဆီးခဲ့တာပါ။